တစ်ကိုယ်ရေမိခင်အရေး၊ လူငယ်လိင်ပညာပေးကဏ္ဍတို့က ကလေးစွန့်ပစ်မှုနှင့် ဆက်စပ်နေ

တစ်ကိုယ်ရေမိခင်အရေး၊ လူငယ်လိင်ပညာပေးကဏ္ဍတို့က ကလေးစွန့်ပစ်မှုနှင့် ဆက်စပ်နေ
မေလ ၁၂ ရက်နေ့ကရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်လေးတောင်ပိုင်းရပ် နောက်ဖေးလမ်းကြားတစ်ခုမှ ရရှိသောကလေးနှင့်အတူ တွေ့ရသည့် ဒေသခံများ။ (ဓာတ်ပုံ- The Voice Weekly)

မွေးကင်းစကလေးစွန့်ပစ်မှုနှုန်းလျော့ကျစေရန်အတွက် တစ်ဦးတည်းရုန်းကန်ရသော မိခင်များ အရေး၊ လူငယ်လိင်ပညာပေးကဏ္ဍတို့နှင့် ဆက်စပ်နေသော ပြဿနာများကိုဖြေရှင်းရမည်ဟု တက်ကြွလှုပ်ရှားသူတို့ကပြောသည်။

ရန်ကုန် (Myanmar Now) ။                   ။ မတ်လလယ် ညတစ်ညရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ် နောက်ဖေးလမ်းကြားတစ်ခုတွင် ကလေးငိုသံ အဆက်မပြတ်ပေါ်ထွက်လာသည်။ အသံထွက်လာသည့်နေရာသို့ သွားရောက် စစ်ဆေး ရာ ချက်ကြိုးတန်းလန်းနှင့် ကလေးကို အမည်းရောင် ကြွပ်ကြွပ်အိတ်ထဲတွင် မှောက်လျက် အနေအ ထားဖြင့် တွေ့ရသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ ဒေါ်သီတာဟန်ကပြောပြသည်။

“ကလေးကကံကောင်းလွန်းလို့ အသံရှူလမ်းကြောင်းပိတ်ပြီးမသေတာ” ဟု ကန်တော်လေး တောင်ပိုင်း ရပ်ကွက်မှ ရာအိမ်မှူးတစ်ဦးဖြစ်သူ ဒေါ်သီတာဟန်ကပြောသည်။ ၄ ပေါင်၊ ၁၂ အောင်စ ရှိသော ထိုကလေး ဗဟိုအမျိုးသမီးဆေးရုံသို့ အချိန်မီရောက်သွားရာ စနစ်တကျကုသမှု ပေးနိုင်ခဲ့သည်။  မတ်လနောက်ဆုံးပတ်ကလည်း ထိုမြို့နယ်အတွင်း ဖြစ်ပွားသည့် အလားတူအမှု တစ်ခုမှ ကလေးမှာမူ တွေ့ရှိချိန်မှာပင် သေဆုံးနေကြောင်း ရဲမှတ်တမ်းများကဆိုသည်။

ပြီးခဲ့သည့် ငါးနှစ်အတွင်း ရဲတပ်ဖွဲ့မှတ်တမ်းဝင် ကလေးစွန့်ပစ်မှုအရေအတွက်မှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာသည်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ရဲစခန်းရောက်သည့် အမှုပေါင်း ၂ဝ၁၁ တွင် ၆ မှု၊ ၂ဝ၁၂ တွင် ၄ မှု၊ ၂ဝ၁၃ တွင် ၉ မှု၊ ၂ဝ၁၄ တွင် ၁၂ မှု ရှိခဲ့ရာမှ ပြီးခဲ့သည့်နှစ်တွင် အမှု ၂ဝ ရှိခဲ့သည်။

“ပြဿနာတစ်စုံတစ်ရာဖြစ်မှသာ အမှုတွေကရဲစခန်းကို ရောက်လာကြတာပါ။ စခန်းမရောက် တဲ့အမှုတွေ အများကြီးရှိနိုင်ပါသေးတယ်” ဟ ုမင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းမှ အမည်မဖော်လို သူရဲအရာရှိတစ်ဦးက ပြောသည်။

 ပြီးခဲ့သည့် ငါးနှစ်အတွင်း ကလေးစွန့်ပစ်မှုအများဆုံး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှာ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ရှမ်းတို့ ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းတွင် တွေ့ရသည်။ 

တစ်ဦးတည်း ရုန်းကန်ရသော မိခင်များ

မွေးကင်းစကလေးစွန့်ပစ်မှုသည် ဆင်းရဲချို့တဲ့ခြင်း၊ ကလေးဖခင်ဖြစ်သူက တာဝန်မယူခြင်းတို့ ကြောင့် ကလေးကိုတစ်ယောက်တည်း ကျွေးမွေးပြုစုရန် ခက်ခဲလာသည့် မိခင်များ၊ ကိုယ်ဝန်ဆောင် ရန် အသင့်မဖြစ်သေးသည့် အမျိုးသမီးများနှင့် ဆက်နွယ်မည်ဟုယူဆကြောင်း ရန်ကုန်အခြေစိုက် အမျိုးသမီးအရေးအဖွဲ့အစည်း တစ်ခုဖြစ်သည့် အခရာမှ ဒါရိုက်တာမထားကသုံးသပ်သည်။

မြန်မာနိုင်ငံတွင် ကလေးကို တစ်ယောက်တည်း အုပ်ထိန်းနေသည့် မိခင်များ၊ လက်မထပ်ဘဲ ကလေးရနေသည့် အမျိုးသမီးများကို ကူညီသည့် အဖွဲ့အစည်းမရှိသလောက် နည်းပါးသည်ဟု သူက ဆိုသည်။ “လင်ကောင်မပေါ်ဘဲ ကလေးရတာမျိုးဆိုပြီး ပတ်ဝန်းကျင်က ကဲ့ရဲ့ အပြစ်တင်ကြတယ်” ဟု မထားက ပြောသည်။ 

“ဒီလိုကိစ္စတွေက ဖြစ်ပျက်နေကြဆိုတော့ အရေးမကြီးလို့ ဒီလိုအဖွဲ့အစည်းတွေ နည်းနေတာ ဖြစ်မယ်။ အခုနောက်ပိုင်းလူ့အခွင့်အရေးတွေကို နားလည်လာတာနဲ့အမျှ ဒီလိုလူမျိုးတွေကို ကူညီတဲ့ အဖွဲ့အစည်းတွေ တဖြည်းဖြည်း ပေါ်ပေါက်လာမယ်လို့ထင်ပါတယ်”

ကိုယ်ဝန်ဖျက်ချမှုကို ဟန့်တားသည့် ဥပဒေကြောင့် အမျိုးသမီးတချို့မှာ ဆန္ဒမရှိဘဲ ကိုယ်ဝန် ဆောင်လိုက်ရကြောင်း၊ ဥပဒေပြုသူတို့အနေဖြင့် ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ ဥပဒေ၏ သက်ရောက်မှု များကို ပြန်လည် လေ့လာသင့်ကြောင်း မထားကပြောသည်။

တရားမဝင် ကိုယ်ဝန်ဖျက်ချခြင်း

ကိုယ်ဝန်ဖျက်ချခြင်းကို ဥပဒေပြဋ္ဌာန်းတားမြစ်ထားသည့် မြန်မာပြည်တွင် ကိုယ်ဝန်ဖျက်ချလိုသူကို ဝန်ဆောင်မှုပေးသောဆေးရုံ၊ ဆေးခန်းများမရှိပေ။ ကိုယ်ဝန်ဖျက်ချလိုသူတချို့သည် အရပ်လက်သည်များ၊ ဒေါက်တာရမ်းကုများနှင့် ဆက်သွယ်ပြီး လျှို့ဝှက် ဆောင်ရွက်တတ်ကြသည်။

ကလေးစွန့်ပစ်မှုသည်လည်း ရာဇဝတ်မှုဖြစ်သည်

မွေးကင်းစ ကလေးစွန့်ပစ်မှုသည် မလိုလားသည့်ကိုယ်ဝန်ဆောင်မှုနှင့် ဆက်စပ်နေကြောင်း၊ ငွေကြေးတတ်နိုင်သူတချို့က ငွေအကုန်အကျခံပြီး တရားမဝင် ကိုယ်ဝန်ဖျက်ချမှုများ ရှိနေသော ကြောင့် ကိုယ်ဝန်ဖျက်ချမှုကို ဥပဒေအရ ခွင့်ပြုသင့်ကြောင်း ရန်ကုန်၊ လသာမြို့နယ်မှ ကလေးလေး ယောက်မိခင် တစ်ဦးဖြစ်သူ ဒေါ်ငြိမ်းက ပြောသည်။

“တရားမဝင် ရှိနေမယ့် အတူတူ တရားဝင် စနစ်တကျ လုပ်လိုက်တာ အကောင်းဆုံးပါပဲ” ဟု မုဆိုးမဒေါ်ငြိမ်းကပြောသည်။ ပေါင်းသင်းနေထိုင် ကိုယ်ဝန်ရပြီး တာဝန်မယူသော အမျိုးသားကို ကာမ လိမ်လည်မှုဖြင့် တရားစွဲဆိုသင့်ကြောင်း ရန်ကုန်၊ ပုဇွန်တောင်မြို့နယ် ရဲစခန်းမှ မည်မဖော်လိုသည့် တာဝန်ရှိသူ ရဲအရာရှိတစ်ဦးက တိုက်တွန်းလိုက်သည်။

“ရှက်လို့ တရားရင်မဆိုင်ဘဲ မနေကြပါနဲ့၊ တကယ်ရှက်ရမှာက ကိုယ့်ကိုလိမ်လည်ခဲ့တဲ့သူပါ” ဟုသူကပြောသည်။ တစ်ကိုယ်ရေမိခင်များကို အထောက်အကူပေးရေး၊ စွန့်ပစ်ခံကလေးများအရေး ဆောင်ရွက်နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားပေးရေးဝန်ကြီးဌာန၏ လုပ်ငန်းများ၊ ပညာပေးအစီအစဉ်များအတွက် အစိုးရကဘတ်ဂျက်တိုးချပေးသင့်သည်ဟု ရန်ကုန်မှ ထင်ရှားသည့်  ရှေ့နေတစ်ဦးဖြစ်သည့် ဦးကြီးမြင့်က Myanmar Now ကိုပြောသည်။

ကလေးစွန့်ပစ်ခြင်း

နိုင်ငံတကာတွင်လည်း မွေးကင်းစကလေးစွန့်ပစ်မှုများရှိနေပြီး ကိုယ်ဝန်ဆောင်ရန် ပြင်ဆင်မ ထားသည့် အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်ဆယ်ကျော်သက်များ၊ ထိမ်းမြားခြင်းမရှိသေးသည့် စုံတွဲများမှာ ကလေးစွန့်ပစ်မှုနှင့် ဆက်နွယ်နေတတ်သည်။ မလေးရှားတွင် ၂ဝဝ၅ မှ ၂ဝ၁၁ အတွင်း ကလေးစွန့်ပစ်မှု ငါးရာကျော် ဖြစ်ပွားခဲ့ကြောင်း၊ ထိုအမှုအများအပြားမှာ လက်ထပ်ထိမ်းမြားခြင်း မပြုရသေးသည့် စုံတွဲများနှင့် ဆက်စပ်နေကြောင်းသိရသည်။

အနောက်နိုင်ငံတချို့တွင် အာဏာပိုင်တို့က ကလေးစွန့်ပစ်နိုင်သည့် နေရာများစီစဉ် သတ်မှတ် ပေးထားသည်။ ထိုနေရာများသို့ ရောက်ရှိသွားသောကလေးတို့အတွက် ကျန်းမာရေး၊ ပြုစုပျိုးထောင်ရေး၊ မွေးစားလိုသူတို့နှင့် ချိတ်ဆက်ပေးရေးဆိုင်ရာနောက်ဆက်တွဲလုပ်ငန်းစဉ်များရှိသည်။ သို့သော် လည်း ထိုအစီအစဉ်များနှင့် ပတ်သက်ပြီးအငြင်းပွားနေကြကြောင်းတွေ့ရသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ကလေး ဖျက်ချခြင်း၊ ကလေးစွန့်ပစ်ခြင်း ပြဿနာတို့ လျော့နည်းသွားစေရန် လိင်ပညာပေးနှင့် မိသားစုစီမံကိန်း တို့က အထောက်အကူဖြစ်မည်ဟု ယူဆသူဖြစ်သည်။

"လူငယ်တော်တော်များများ လိင်နဲ့ပတ်သက်ပြီး ဗဟုသုတမရှိကြဘူး။ ဘယ်လိုကာကွယ်ကြ မလဲ ဆိုတာကို စနစ်တကျမရှိတဲ့အခါကျတော့ ဖျက်ချတာတွေ၊ ကလေးစွန့်ပစ်တာတွေ ဖြစ်လာ တာပေါ့" ဟုဒေါ်ဖြူဖြူသင်းက Myanmar Now ကိုပြောသည်။ "သင်ကြားပေးထားနိုင်မယ်ဆို ဘယ်လို က ကလေးရနိုင်တယ်။ ဘယ်လိုကကလေးမရနိုင်ဘူး ဘယ်လိုဆေးဝါးရှိတယ်။ ဘယ်လိုကာကွယ်လို့ ရတယ် ဆိုတာတွေ သိထားတယ်ဆိုရင် ဒီကိစ္စတွေ နည်းသွားလိမ့်မယ်လို့ထင်တယ်"

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားပေးရေးဝန်ကြီးဌာန၊ ကလေးနှင့် လူငယ်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက ကလေးစွန့်ပစ်ခြင်းသည် ဆင်းရဲခြင်း၊ ချမ်းသာ ခြင်းနှင့် အဓိက သက်ဆိုင်ခြင်းမရှိဟု သုံးသပ်သည်။

“ဆင်းရဲတဲ့ မိဘတိုင်းလည်းစွန့်ပစ်မှာမဟုတ်သလို စွန့်ပစ်တဲ့ မိဘတိုင်းလည်းမဆင်းရဲပါဘူး” ဟုဦးအောင်ကျော်မိုးကပြောသည်။ ကလေးပြုစုရေးဌာန ၅ ခုကို ရန်ကုန်၊ မန္တလေး၊ မကွေး၊ မော်လ မြိုင်၊ ကျိုင်းတုံမြို့များတွင် ဖွင့်ထားကြောင်း ထိုဌာန၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ရန်ကုန်၊ ရွှေဂုံတိုင်ကလေးပြုစုရေးစောင့်ရှောက်မှုဌာနသို့ ပြီးခဲ့သည့် ၅ နှစ်အတွင်း ရောက်လာ သည့် ကလေးအရေအတွက်မှာ ၁၂၈ ဦးရှိကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ယုဒါရီက ပြောသည်။

ကလေးများကိုကျန်းမာရေးဝန်ကြီးဌာန၊   ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့က ပေးပို့လာခြင်းဖြစ်ကြောင်း၊ ၄၅ ဦးကိုမွေးစားသည့် မိဘများပေါ်ပေါက်လာပြီဖြစ်ကြောင်း သူက ရှင်းပြသည်။ ကျောင်းတွင် ရှိနေသောကလေးငယ်များကို ဂရုတစိုက်စောင့်ရှောက်နိုင်သည့် မိဘအုပ် ထိန်းသူတို့ ပေါ်ပေါက်လာမည်ဟု မျှော်လင့်ကြောင်း ဒေါ်ခင်ယုဒါရီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly