BBC သတင်းထောက် ကိုနေမျိုးလင်း အလုပ်နှင့် ထောင်ဒဏ် ၃လ ချမှတ်ခံရ

BBC သတင်းထောက် ကိုနေမျိုးလင်း အလုပ်နှင့် ထောင်ဒဏ် ၃လ ချမှတ်ခံရ
(ဓာတ်ပုံ-ကိုအောင်ကိုဦး)

မန္တလေး၊ ဇွန် ၆ ။              ။ BBC သတင်းဌာနမှ  သတင်းထောက် ကိုနေမျိုးလင်းကို ချမ်းမြသာစည်မြို့နယ်ရားရုံးက ပုဒ်မ ၃၃၂ ဖြင့် ဇွန်လ ၆ ရက်နေ့တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ လ ပြစ်ဒဏ်ချမှတ် လိုက်သည်။

၂၀၁၅ခုနှစ်၊ မတ်လ ၂၇ ရက်၊ နံနက်ပိုင်းက မန္တလေးမြို့တွင် အမျိုးသားပညာရေး ဥပဒေကန့်ကွက်ခြင်း၊ ဖမ်းဆီးခံ ကျောင်းသားများနှင့် ဝန်းရံသူများ လွှတ်ပေးရေးတို့ကို ဆိုင်ကယ်များဖြင့် ဆန္ဒပြတောင်းဆိုမှုများပြုလုပ် ရာတွင် ရဲ တပ်ဖွဲ့ဝင်များက ဆိုင်ကယ်များကို တွန်းလဲှ တားဆီးမှုများပြုလုပ်သဖြင့် ကိုနေမျိုးလင်းက ထိုသို့မပြုလုပ်ရန် တား ဆီးရာတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည့်အတွက် အမှတ်(၁၁)နယ်မြေရဲစခန်းက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

"ဒါမျိုးမလုပ်ဖို့တားတာ အားလုံးအသိပါ။ ခိုက်မိတာကလည်း မတော်တဆပါ။ ဒဏ်ရာကလည်း သာမန်ဆိုတာ သူတို့ ဆေးစာမှာ ပါပါတယ်။ အခုလို ပြစ်ဒဏ်ပေးတာဟာ မတရားဘူးလို့ ကျွန်တော်ပြောချင်တယ်။"ဟု ကိုနေမျိုး လင်းက ပြောသည်။

ယခုဖြစ်စဉ်သည် မီဒီယာသမားများနှင့် ရဲတပ်ဖွဲ့ကြား ရန်တိုက်ပေးခြင်းဖြစ်ပြီး သတင်းထောက်များအနေဖြင့် သတိ ထား အလုပ်လုပ်ကိုင်ရန် သတိပေးပြော ကြားခဲ့သည်။

ယင်းအမှုအား လိုက်ပါဆောင်ရွက်နေသော တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး က" မတော်တဆဖြစ်တဲ့ ကိစ္စပဲလေ။ ပြည်သူ့ဝန်ထမ်းကို တမင်နှောက်ယှက်လိုတဲ့ သဘောလည်းမဟုတ်ဘူး။ ကျိုးပဲ့ ကန်းသွားတာလည်း မဟုတ်ဘူး။ ဆိုဆုံးမလွှတ်လို့ရတဲ့ အမှုမျိုးပါ။ ရဲနဲ့ ပြည်သူ အတူတူပဲလို့ သဘောထားရင် BBC သတင်းထောက်ကို ပြစ်ဒဏ်မချသင့်ဘူး။"ဟု ပြောသည်။

ယင်းသို့ ထောင်ဒဏ် ၃လ ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ မြို့နယ်တရားသူကြီး ဦးထွန်းကြည်က ပုဒ်မ ၃၃၂ သည် ထောင်ဒဏ် ၃ နှစ်၊ ငွေဒဏ် ချမှတ်နိုင်သော်လည်း ဆင်ခြင်တုံတရားဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ လ ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

"အမိန့်ချတာ မကျေနပ်ရင် အယူခံဝင်လို့ရပါတယ်။ပြည်သူ့ဝန်ထမ်းကို ကာကွယ်ပေးရမှာဖြစ်တဲ့အတွက် ဒီပြစ်ဒဏ်ကိုပေးတာပါ။"ဟု ဦးထွန်းကြည်က ပြောသည်။

အဆိုပါ အမှုအား တရားစွဲဆိုစဉ်မှစတင်၍ ရုံးချိန်း ၄၀ ကျော်အမှုရင်ဆိုင်ခဲ့ရကြောင်းလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly