ရလဒ်ပိုင်းထက် အတွေ့အကြံုလိုချင်သည့်အတွက် ကိုရီးယား၊ ဂျပန်တို့နှင့် ခြေစမ်းခြင်းဟု ရော်ဂျာဆို

ရလဒ်ပိုင်းထက် အတွေ့အကြံုလိုချင်သည့်အတွက် ကိုရီးယား၊ ဂျပန်တို့နှင့် ခြေစမ်းခြင်းဟု ရော်ဂျာဆို
မြန်မာအမျိုးသမီးနှင့် ကိုရီးယားအမျိုးသမီးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ - ရွှေဘုတ်)

ဇွန် ၆ ၊ ရန်ကုန် ။              ။ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲအတွက် ခြေစမ်းပွဲများယှဉ်ပြိုင်ကစားနေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း အနေဖြင့် ရလဒ်ပိုင်းထက် အတွေ့အကြုံ ပိုလိုချင်သည့်အတွက် ကိုရီးယား၊ ဂျပန် အစရှိသည့် အသင်းကြီးများနှင့် ခြေစမ်းကစားခြင်း ဖြစ်သည် ဟု အမျိုးသမီးနည်းပြချုပ် ရော်ဂျာက ဆိုသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဇွန်လ ၄ ရက်တွင် ရန်ကုန်မြို့ သုဝဏကွင်း၌ ကိုရီးယားအမျိုးသမီးအသင်းနှင့် ခြေစမ်းကစားခဲ့ရာ ခြေစွမ်းပိုင်းအရ ယှဉ်ကစားနိုင်ခြင်း မရှိပဲ ငါးဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

“ ကျွန်တော်တို့ အသင်းမှာ ခြေစွမ်းကောင်းတဲ့ ကစားသမားတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့ အမှားတစ်ချို့လုပ်နေဆဲ ဖြစ်တဲ့အတွက် ပြင်ဆင်ရဦးမှာပါ။ ကိုရီးယား၊ ဂျပန်တို့လို ကမ္ဘာ့အဆင့်ရှိတဲ့ အသင်းတွေကို မယှဉ်နိုင်ဘူး ဆိုတာ သိပါတယ်။

သူတို့ကစားသမားတွေက တကယ့်ကို စွမ်းဆောင်ရည် မြင့်မားပါတယ်။ ဒါပေမယ့် သူတို့ ဆီက ကစားပုံတွေ ပညာလိုချင်တဲ့အတွက် သီးသန့်ကို ဖိတ်ပြီး ခြေစမ်းကစားတာပါ။ ဒါမှလည်း အသင်းက သူတို့ရဲ့ ပညာတွေ အတွေ့အကြုံကောင်းတွေ ရမှာပါ။

ရလဒ်ပိုင်းထက် အတွေ့အကြုံကောင်းလိုချင်လို့ ဒီလိုအသင်းကြီးတွေနဲ့ ကစားဖြစ်တာပါ ” ဟု ရော်ဂျာက ကိုရီးယားအသင်းနှင့် ခြေစမ်းပွဲအပြီးတွင် ပြောသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဇွန်လ ၇ ရက်နေ့တွင် ကိုရီးယားအမျိုးသမီးလက်ရွေးစင်အသင်းနှင့် သုဝဏကွင်း၌ ဒုတိယအကြိမ်ခြေစမ်းပွဲ ထပ်မံကစားမည် ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် ပြီးခဲ့သည့် မေလအတွင်းတွင်လည်း ဂျပန်နိုင်ငံသို့ ခြေစမ်းခရီးစဉ် သွားရောက်ခဲ့ပြီး တရုတ် (တိုင်ပေ) အမျိုးသမီးလက်ရွေးစင်အသင်းအပါအဝင် ဂျပန်ကလပ်အသင်းများနှင့် ခြေစမ်းပွဲ ငါးပွဲ ကစားခဲ့ရာ နှစ်ပွဲသရေ သုံးပွဲရှုံး ရလဒ်သာ ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly