"အထီးကျန်ဥယျာဉ် မြိုင်ဟေဝန်"

"အထီးကျန်ဥယျာဉ် မြိုင်ဟေဝန်"
(ဓာတ်ပုံ - အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေးနန်းမြို့အတွင်းတွင် ပျက်စီးလျက်ရှိနေသည့် မြိုင်ဟေဝန်ဥယျာဉ်ကို ဇွန်လ၅ရက်၊ မွန်းလွဲပိုင်းကတွေ့ခဲ့ရသည်။ အဆိုပါဥယျာဉ်ကို ၁၉၈၉ခုနှစ်၊ ဇွန်လက စတင်ဖွင့်လှစ်ခဲ့ပြီး လူထုအပန်းဖြေနေရာတစ်ခုလည်း ထိုစဉ်ကဖြစ်ခဲ့သည်။

မြန်မာ့ရိုးရာအခါကြီးရက်ကြီးများ၊ အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် အများပြည်သူလာရောက်အပန်းဖြေလည်ပတ်သောကြောင့် အလွန်စည်ကားခဲ့ဖူးသော မြိုင်ဟေဝန်ဥယျာသည် ယခုတော့ ပျက်စီးလျက်ရှိနေပြီ။

ထိုစဉ်က နန်းမြို့တွင်းဝင်ရ န်အပေါက်လေးပေါက်ရှိရာ မည်သည့်အပေါက်ကဝင်ဝင် အစစ်အဆေး အမေးအမြန်းမရှိခဲ့ပ။ လွတ်လပ်စွာဝင်ထွက်သွားလာခွင့်ရခဲ့သည်။

၁၉၉၅ခုနှစ်နောက်ပိုင်းမှစတင်၍ နန်းမြို့တွင်းသို့ ဝင်ရောက်ရန် အဟန့်အတားများရှိခဲ့ပြီး ၂၀၀၀ခုနှစ်တွင် လုံခြုံရေးအရဟုဆိုကာ အပြင်လူဝင်ထွက်ခွင့်ကို ကန့်သတ်ခဲ့သည်။

ထိုစဉ်မှစ၍ မန္တလေးသူ၊ မန္တလေးသားများနှင့်လည်း သူစိမ်းဆန်ဆန်ဖြစ်ခဲ့တော့သည်။ သူစိမ်းဆန်လာသည့်နှင့်အမျှ နန်းမြို့တွင်းတွင်ရှိသည် ဥယျာဉ်များသည်လည်း လာရောက်လည်ပတ်သူမဲ့သွားပြီး ထိန်းသိမ်းစောင့်ရှောက်မှုများမဲ့ကာ တစတစ ပျက်စီးလာခဲ့သည်။

နန်းမြို့အတွင်းတွင် ယခင်က မြိုင်ဟေဝန်ဥယျာဉ်နှင့် နန္ဒာဝန် ဥယျာဉ်ဟူ၍ ဥယျာဉ်နှစ်ခုရှိခဲ့သည်။ ယခုအခါတွင် အဆိုပါ ဥယျာဉ် နှစ်ခုလုံးမှာ ခြုံနွယ်ပိတ်ပေါင်းများဖြင့် ပျက်စီးနေလျက်ရှိသည်။

မြနန်းစံကျော်ရွှေနန်းတော်၏ တောင်ဘက်တွင် မြိုင်ဟေဝန် ဥယျာဉ်ရှိနေပြီး တောင်ဘက်တွင် နန္ဒာဝန်ဥယျာဉ်တည်ရှိသည်။ မြနန်းစံကျော်ရွှေနန်းတော်သို့ နေ့စဉ်ဝင်ထွက်လေ့လာနေသည့်   နိုင်ငံခြားသားခရီးသွားများမှာလည်း ပျက်စီးနေသည့် ဥယျာဉ်များကို မြင်တွေ့မည်မှာမလွဲပေ။ ထိုသို့မြင်နေရခြင်းပင်သည်လျင် မန္တလေး၏ သိက္ခာ၊ မန္တလေး၏ ပုံရိပ် ထိခိုက်နိုင်ပါသည်။

ထို့ကြောင့် မန္တလေးသူ၊ မန္တလေးသားများ ယခင်လို ဝင်ထွက်အပန်းဖြေလေ့လာရန်နှင့် ပြည်တွင်းပြည်ပ ခရီးသွားများလည်း လာရောက်အပန်းဖြေနိုင်သည့် နန်းမြို့တွင်းမှာ ရှိပြီးသား ဥယျာဉ်များကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြန်လည်ပြုပြင်မွမ်းမံသင့်ပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly