အာဆင်နယ်နှင့် ဗာဒီတို့၏ သတင်းများ မှန်ကန်ကြောင်း လက်စတာနည်းပြ ရာနီရေရီ အတည်ပြု

အာဆင်နယ်နှင့် ဗာဒီတို့၏ သတင်းများ မှန်ကန်ကြောင်း လက်စတာနည်းပြ ရာနီရေရီ အတည်ပြု

ဇွန် ၅၊ အီတလီ ။           ။ အာဆင်နယ်အသင်းက တိုက်စစ်မှူး ဗာဒီကို ခေါ်ယူရန် ကြိုးပမ်းနေသည်ဆိုသော သတင်းများမှာ မှန်ကန်ကြောင်း လက်စတာအသင်းနည်းပြ ရာနီရေရီက အတည်ပြုလိုက်သည်။

အီတလီကိုရောက်ရှိနေသည့် ရာနီရေရီအား သတင်းထောက်များက မေးမြန်းခဲ့ရာတွင် ယခုလို အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။ အီတလီနေ့စဉ်ထုတ်သတင်းစာ Gazzetta dello Sport က ဗာဒီ၏အနာဂတ်နှင့်ပတ်သက်ပြီး ရာနီရေရီကို မေးမြန်းခဲ့ရာမှာ ‘သတင်းတွေထွက်ပေါ်နေတဲ့အတိုင်း အာဆင်နယ်နဲ့ ဗာဒီတို့ရဲ့သတင်းတွေဟာ အားလုံးမှန်ကန်တယ်’ ဟု ဖြေဆိုခဲ့သည်။

ဗာဒီသည် ပြီးခဲ့တဲ့ရာသီက ၂၄ ဂိုးအထိသွင်းယူပေးခဲ့ပြီး လက်စတာအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် အဓိကနေရာမှ စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။

အာဆင်နယ်အသင်းက ဗာဒီ၏ စာချုပ်ပါလျော်ကြေးငွေ ပေါင်သန်း ၂၀ ကို ပေးဖို့အဆင်သင့်ရှိနေပြီး လက်စတာအသင်းကိုကျော်ကာ ဗာဒီနှင့် တိုက်ရိုက်ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။ ကစားသမားဘက်က သဘောတူပြီး အာဆင်နယ်ကလည်း စာချုပ်ပါလျော်ကြေးငွေကိုပေးချေခဲ့ပါက လက်စတာအသင်းအနေနှင့် ၎င်းတို့၏ အဓိကတိုက်စစ်မှူးကို တားဆီးနိုင်မည် မဟုတ်ပေ။

အာဆင်နယ်အသင်းက ဗာဒီ၏ အပြောင်းအရွှေ့ကို ယခုတစ်ပတ်အတွင်း အဆုံးသတ်နိုင်ဖို့ ကြိုးပမ်းနေသည်ဟု သတင်းများက ဖော်ပြလျက်ရှိသည်။

ရည်ညွှန်း အင်ဒီပန်းဒန့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly