မြန်မာအသင်းတိုက်စစ်မှူးများ စိတ်ပိုင်းဆိုင်ရာ ကုထုံးလိုအပ်နေပြီဟု နည်းပြ ဂတ်ဇီဆီဝေဖန်

မြန်မာအသင်းတိုက်စစ်မှူးများ စိတ်ပိုင်းဆိုင်ရာ ကုထုံးလိုအပ်နေပြီဟု နည်းပြ ဂတ်ဇီဆီဝေဖန်

ဇွန် ၄၊ ရန်ကုန်။                 ။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် 2016 AYA Bank Cup လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် စင်ကာပူကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် မြန်မာတိုက်စစ်မှူးများ စိတ်ပိုင်းဆိုင်ရာကုထုံးလိုအပ်နေပြီဟု နည်းပြ ဂတ်ဇီဆီဖရိုင်းဒရစ်က ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာအသင်းမှာ နည်းပြ ဂတ်ဇီဆီလက်ထက်တွင် နိုင်ငံတကာပွဲ ခြောက်ပွဲကစားခဲ့ပြီး သွင်းဂိုးနှစ်ဂိုးသာ ရရှိထားသည်။ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ အဖြစ်ကစားခဲ့သော စင်ကာပူနှင့်ပွဲတွင်   မြန်မာအသင်းတိုက်စစ်၌ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ကျော်ကိုကိုနေရာတွင် သန်းပိုင်နှင့်အစားထိုးခဲ့သော်လည်း ဂိုးမရခဲ့ပဲ ရှုံးနိမ့်ခဲ့ရသည်။

‘ကစားသမားတွေရဲ့အခုအခြေအနေကတော့ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး။ ကျွန်တော့်အနေနဲ့ တိုက်စစ်မှာ အဆုံးသတ်အားနည်းချက်တွေအတွက် လေ့ကျင့်ပြင်ဆင်နေပေမယ့် အခြေအနေက  ဘာမှမပြောင်းလဲပါဘူး။ သူတို့ကို စိတ်ပိုင်းဆိုင်ရာကုထုံးတွေလုပ်ဖို့ လိုအပ်နေပြီလို့ထင်ပါတယ်။’ ဟု ဂတ်ဇီဆီဖရိုင်းဒရစ်ကပြောသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို နည်းပြ အေဗရာမိုဗစ်လက်ထက်မှ ဂတ်ဇီဆီ လွှဲပြောင်းကိုင်တွယ်ပြီးနောက် နိုင်ငံတကာပွဲခြောက်ပွဲနှင့်  ပြည်တွင်း၌ ခြေစမ်းပွဲတစ်ပွဲယှဉ်ပြိုင်ကစားခဲ့ရာ   နိုင်ပွဲလုံးဝမရရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly