ဂျပန်နိုင်ငံမှ အဘိုးအိုတစ်ဦး အသက် ၉၆ နှစ်အရွယ်မှ ဘွဲ့ရရှိပြီး ကမ္ဘာ့အသက်အကြီးဆုံး တက္ကသိုလ်ဘွဲ့ရ ဖြစ်လာ

ဂျပန်နိုင်ငံမှ အဘိုးအိုတစ်ဦး အသက် ၉၆ နှစ်အရွယ်မှ ဘွဲ့ရရှိပြီး ကမ္ဘာ့အသက်အကြီးဆုံး တက္ကသိုလ်ဘွဲ့ရ ဖြစ်လာ

တိုကျို ၊ ဇွန် ၄ ။             ။ ဂျပန်နိုင်ငံမှ အသက် ၉၆ နှစ်ရှိပြီဖြစ်သော အဘိုးအိုတစ်ဦးသည် ကျိုတို ဝိဇာနှင့် ဒီဇိုင်း တက္ကသိုလ်မှ  ဘီအေ ဘွဲ့ကို မတ်လအတွင်းက အပ်နှင်းခံလိုက်ရခြင်းကြောင့် ယခုအခါ ကမ္ဘာ့အသက်ကြီးဆုံး ဘွဲ့ရရှိသူ ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်သည်။ ၎င်းသည် တက္ကသိုလ်မှ ကြွေထည်မြေထည် အတတ်ပညာ အထူးပြုဘာသာရပ်ဖြင့် ယခုကဲ့သို့ အသက်အရွယ် ကြီးရင့်ချိန်တွင်မှ ဘွဲ့ရရှိခဲ့ခြင်းဖြစ်သည်။

ဂျပန်အဘိုးအို ရှီဂျီမီ ဟီရာတာသည် ကမ္ဘာ့အသက်အကြီးဆုံး ဘွဲ့ရ ပုဂ္ဂိုလ်အဖြစ် ဇွန်လ ၃ ရက်က ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းဝင် လက်မှတ်ကိုလည်း လက်ခံရရှိခဲ့သည်ဟု ပြည်တွင်းမီဒီယာများက ဇွန်လ ၄ ရက်တွင် ဖော်ပြထားသည်။

အဘိုးအို ဟီရာတာသည် ၎င်း အသက် ၈၅ နှစ်အရွယ် ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်ကစပြီး တက္ကသိုလ်တွင် အထက်ဖော်ပြပါဘာသာရပ် သင်တန်းသို့ တက်ရောက်သင်ကြားခဲ့ပြီး ၁၁ နှစ်ကြာ   လေ့လာလိုက်စားခဲ့ပြီးမှ ယခုအခါ ဘွဲ့ရရှိခဲ့ခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ရေတပ်တွင် အမှုထမ်းခဲ့ဖူးသူတစ်ဦးဖြစ်ပြီး သားသမီးနှစ်ယောက်နှင့် မြေးလေးယောက်ရှိထားသော ဟီရာတာသည် အငြိမ်းစားယူချိန်တွင် အနားယူလိုစိတ်မရှိဘဲ ဝါသနာပါသော အထက်ပါ ကြွေထည်မြေထည်ပိုင်းကို လေ့လာလိုက်စားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော် ခုချိန်မှာ တကယ့်ကို ပျော်ပါတယ်၊ ကျွန်တော့်အသက်အရွယ်နဲ့ ခုလိုမျိုး ဘွဲ့ရတာက ရယ်စရာတော့ကောင်းနေပါတယ်၊ ဘွဲ့ယူတုန်းကဆိုရင် ကျွန်တော့်နာမည်တောင်မသိတဲ့   ကျောင်းသားတွေကလည်း လာနှုတ်ဆက်ကြတယ်ဗျ၊ အဲဒါက ကျွန်တော့်အတွက် အားဖြစ်စေပါတယ်၊ ခုချိန်မှာ ဘွဲ့လည်း ရပြီးပြီဆိုတော့ အသက် ၁၀၀ ထိ နေရဖို့ပဲ မျှော်လင့်ပါတယ်ဗျာ" ဟု အဘိုးအို က ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly