ပလိပ် ပန်ဒါချည်မျှင် နှင့် အထည်စက်ရုံဝန်ထမ်းများ ထိုင်သပိတ်ဖြင့် ဆန္ဒထုတ်ဖော်

ပလိပ် ပန်ဒါချည်မျှင် နှင့် အထည်စက်ရုံဝန်ထမ်းများ ထိုင်သပိတ်ဖြင့် ဆန္ဒထုတ်ဖော်

မန္တလေး၊ ဇွန် ၃ ။                 ။ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ရှိ ပန်ဒါချည်မျှင်နှင့် အထည်စက်ရုံတွင် အလုပ်ရှင်မှ EC စာချုပ်ပါအချက်များကို ချိုးဖောက်နေသည်ဟု ဆိုကာ ဝန်ထမ်း ၁၅၀ ဦးကျော်က ဇွန်လ ၃ ရက်၊ မွန်းလွဲ ၃ နာရီမှစတင်၍ စက်ရုံဝင်း အတွင်းတွင် ထိုင်သပိတ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်လျက်ရှိသည်။

ထိုင်သပိတ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်သူများသည် ဖြတ်တောက်လစာပြန်ပေးရေး၊ စနေ နားရက်ပေးရေးနှင့် EC စာချုပ် ချိုးဖောက်သည့် အလုပ်ရှင်အား အရေးပေးရန်တို့ကို တောင်းဆိုလျက်ရှိသည်။ ဦးဆောင်သူ မဇာခြည်ဝင်း က "အလုပ်ရှင်က EC စာချုပ်ပါ အပိုဒ် ၇ (က)ကို ချိုးဖောက်တာပါ။ ဒါကြောင့် ဒီနေ့ ထိုင်သပိတ်လုပ်ပြီး တောင်းဆိုတာပါပဲ။"ဟုပြောသည်။

EC စာချုပ်ထဲတွင် ငါးရက် အလုပ်ဆင်းရန် ပါရှိသော်လည်း စနေနေ့ကိုပါ အလုပ်ဆင်းခိုင်းနေပြီး မဆင်းသူများကို တစ်ရက်စာနေ့တွက် ဖြတ်တောက်နေသည်ကို မကျေနပ်ခြင်းကြောင့် အလုပ်သမားအများစုကတောင်းဆိုခြင်းဖြစ်သည်။

ကိုမျိုးမောင်မောင်ထက်က "ကျွန်တော်တို့ EC စာချုပ်အတိုင်း ငါးရက်ပဲဆင်းမယ်။ ပြီးတော့ စနေမဆင်းလို့ နေ့တွက်ဖြတ်တာလည်း ပြန်ပေးစေချင်တယ်။"ဟု ပြောသည်။ စက်ရုံအထွေထွေမန်နေဂျာ ဒေါ်တင်တင်ရွှေက "ဥပဒေအတိုင်းပဲ ဆောင်ရွက်သွားမယ်။"ဟုပြောသည်။

အဆိုပါ စက်ရုံတွင် ဝန်ထမ်း ၁၀၇၅ ဦး ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly