ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ နှင့် နိုင်ငံရေးမူဘောင်သုံးသပ်သပ်ဆွေးနွေးပွဲ အပစ်မရပ်ထားသည့်အဖွဲ့များတက်ရန် ဒေါက်တာတင်မျိုးဝင်းဖိတ်ခေါ်ခဲ့

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ နှင့် နိုင်ငံရေးမူဘောင်သုံးသပ်သပ်ဆွေးနွေးပွဲ အပစ်မရပ်ထားသည့်အဖွဲ့များတက်ရန် ဒေါက်တာတင်မျိုးဝင်းဖိတ်ခေါ်ခဲ့

ချင်းမိုင်၊ ဇွန် ၃ ။  ။ အစိုးရက ဦးစီးကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တက်ရောက်ရန်နှင့် နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်သည့် ဆွေးနွေးပွဲ တက်ရောက်ရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲခြင်း မရှိသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ဖိတ်ခေါ်လိုက်သည်။

လာမည့် ဇူလိုင်လ သို့မဟုတ် သြဂုတ်လတွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ဇွန် ၃ရက်က ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) မှ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေး ကိုယ်စာလှယ် အဖွဲ့(DPN) အဖွဲ့နှင့် တွေ့ဆုံရာတွင် ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။

“ဒီခေါင်းဆောင်တွေ ဆီကတွေ သူတို့ရဲ့ လိုလားချက်၊ သူတို့ အရင်တုန်းက မထိုးခဲ့တာ ဘာကြောင့်လဲ။ ဘာလိုအပ်ချက်ရှိလဲ ဆိုတာ လာပြီးဖိတ်ခေါ်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ mandate (လွှဲအပ်ထားသော အခွင့်အာဏာ)အရ ဖိတ်ခေါ်တယ်။ တချိန်တည်းမှာပဲ တပ်မတော်ရဲ့ ကိုယ်စားလှယ်လည်း ပါလာပြီးတော့ တပ်မတော်ရဲ့ သဘောထားပါလာတာပေါ့နော်။ ကျနော်တို့က ဒီမှာလာပြီးတော့ ဖိတ်ခေါ်တာ mandate(လွှဲအပ်ထားသော အခွင့်အာဏာ)အပြည့်ပါပါတယ်”ဟု ဒေါက်တာ တင်မျိုးဝင်းက သတင်းထောက်များကို ပြောသည်။

ယခုတွေ့ဆုံမှုသည် ပထမဆုံး ယုံကြည်မှုတည်ဆောက်ခြင်း ဖြစ်၍ မကြာမီ ပြည်တွင်းတွင် နိုင်ငံရေးဆွေးနွေးမှုမူဘောင်အား ပြန်လည် သုံးသပ်သည့် အစည်းအဝေး တစ်ရပ် ကျင်းပရန်လည်း ရှိသဖြင့် ၎င်းအစည်းအဝေးသို့လည်း တက်ရောက်ရန် ဖိတ်ခေါ်ထားသည်ဟု သူက ပြောသည်။

“NCAကို တိုက်ရိုက် မထိုးသေးခင်မှာ နိုင်ငံရေးမူဘောင်တွေကို ပြန်လည် reviewသုံးသပ်မယ်ပေါ့။ ညှိနှိုင်းမယ်။ အဲဒါက ပူးပေါင်း ပါဝင်ဖို့ ဖိတ်ခေါ်တာဘဲ။ အဲဒီကနေ နောက်တဆင့်မှ အန်စီအေ ထိုးမယ်။ ဒါတွေ အကုန်လုံးသည် စားပွဲဝိုင်းပေါ်မှာ ညှိနှိုင်းပြီး ဖြစ်လာမဲ့ အဖြေပဲ။ ဆုံးဖြတ်ချက်ချနိုင်မဲ့ ထိုးမယ်မထိုးဘူးဆိုတာ မဟုတ်ပါဘူး။ ဒါကြောင့် ဖိတ်ခေါ်တယ်။ မူဘောင် review မှာ ပါဝင်လာအောင် လုပ်မယ်။ ပြီးရင် ညှိနှိုင်းမယ်။ ဒါကနောက်ဆုံး အဆုံးအဖြတ်က ခုနပြောသလို အရေးကြီးတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တွေရယ်၊ ကာကွယ်ရေးဦးစီးချုပ်တွေရယ်။ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ အားလုံး သဘောတူမှ အဖြေတခုက ထွက်လာမယ်။ ဒီအဆင့်က ကျနော်တို့ ဆုံးဖြတ်ချက်ချရမှာ မဟုတ်သေးဘူး။ နားလည်မှု ယူတယ်။ ယုံကြည်မှု တည်ဆောက်တာဘဲ။ ပြည်တွင်းမှာလည်း ဆက်ပြီး တွေ့ဖို့ ဖိတ်ခေါ်ပါတယ်”ဟု သူက ထည့်သွင်းပြောဆိုခဲ့သည်။

NCA လက်မှတ်ရေးထိုးသေးသည့်အဖွဲ့နှင့် မထိုးသေးသည် အဖွဲ့ဟူ၍ သတ်မှတ်ခြင်း မရှိဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်ရေးသာလျှင် အဓိကဖြစ်သည်ဟု သူက ပြောသည်။

“အန်စီအေ လက်မှတ်မထိုးသေးရင်လည်း review meeting မှာ ဖိတ်ခေါ်တယ်။ review မှာဆိုရင် ခုန မူဘောင်တွေ ပြန်ပြီးတော့ ပြင်လွယ်၊ ပြုလွယ် ပြောင်းလွယ်ရှိတဲ့အခါကြတော့ သဘောတူမယ်ဆိုရင် ဒီဟာတွေက ဒုတိယအဆင့် အန်စီအေအဆင့်သွားမယ်”ဟု သူက ဆက်လက်ပြောဆိုသည်။

ယနေ့ ဆွေးနွေးမှုတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ လိုအပ်ချက်၊ ယခင် NCA လက်မှတ် မရေးထိုးရသည့် အကြောင်းအရင်းများကို တိုင်းရင်းသားခေါင်းဆောင်များဘက်မှ တင်ပြချက်အပေါ် နိုင်ငံတာ် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အား ဆက်လက် တင်ပြသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

မကြာမီ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်နိုင်ရန်အတွက် တိုင်းရင်းသား ခေါင်းဆောင်များ ဘက်မှ အားလုံး ပူးပေါင်းဆောင်ရွက်မည်ဟု အဖြေ ရရှိခဲ့သဖြင့် ဝမ်းသာကြောင်း ဒေါက်တာ တင်မျိုးဝင်းက ပြောသည်။

“ကျနော်တို့ ရည်မှန်းချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးသွားဖို့အတွက် အစပျိုးတဲ့ ညီလာခံဆိုတာကို တက်ဖို့တတ်နိုင်သလောက် ကြိုးစားကြမယ်ဆိုတဲ့ အဖြေတခုကတော့ ရပါတယ်”ဟု သူက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၏ ပြင်ဆင်မှု၊ ရည်ရွယ်ချက်နှင့် ယင်း ညီလာခံနှင့် NCA ချိတ်ဆက်မှု မည်သို့ရှိလဲ၊ လက်မှတ်မထိုးသေးသည့် လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် မည်သို့ပါဝင်နိုင်ရေး စသည့် မေးခွန်းများကို မေးမြန်းခဲ့သလို၊ ယခင် အစိုးရ လက်ထက်က ညှိနှိုင်းရန် ခက်ခဲသော ကိုးကန့်၊ တအာင်းနှင့် AA အဖွဲ့များနှင့် ပတ်သက်၍ အစိုးရ၏ သဘောထားကို မေးမြန်းခဲ့မှုအပေါ် အစိုးရ ကိုယ်စားလှယ်များဘက်မှ ဟု DPN မှ ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။

“ဒီညီလာခံကြီး ကျင်းပနိုင်ဖို့အတွက် လာပြီး ညှိနှိုင်းက ပထမပေါ့လေ။ နောက်တပိုင်းက အခု ငြိမ်းချမ်းရေးညီလာခံမှာ အားလုံးကို ပါစေချင်တယ်။ ဘယ်လို ပါဝင်နိုင်မလဲဆိုတာ နှစ်ဖက်စလုံး ပြန်ညှိရဦးမယ့်သဘောထားပါ။ ကျနော်တို့မေးတဲ့ မေးခွန်းကို အတိအကျ ဖြေသွားတာ မဟုတ်ဘဲနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေကို ဆက်လက် တင်ပြပြီးမှပဲ ကျနေ်ာတို့ကို ပြန်အဖြေပေးမယ်ဆိုတဲ့ သဘောမျိုးဖြစ်ပါတယ်”သူက သတင်းထောက်များကို ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှလည်း တွေ့ဆုံဆွေးနွေးရေးအရ အဖြေရှာသင့်ကြောင်း သဘောထားရှိနေပြီး အစိုးရဘက်မှလည်း တွေ့ဆုံဆွေးနွေးလာမှုအပေါ် ကြိုဆိုကြောင်း သူက ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ရှန်ဂရီလာဟိုတယ်တွင် ဇွန်လ ၃ ရက်က တွေ့ဆုံဆွေးမှုတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒုဗိုလ်ချုပ် ခင်ဇော်ဦး၊ ဦးလှမောင်ရွှေ၊ ဦးကျော်လင်းဦးနှင့် ဦးမိုးဇော်ဦးတို့ ၅ ဦးနှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေး ကိုယ်စာလှယ်အဖွဲ့(DPN)မှ ကိုယ်စားလှယ် ၁၃ ဦးတို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags