ကလေး ၃၅ ယောက်ဖခင် ပါကစ္စတန်နိုင်ငံသားက ကလေးအယောက်တစ်ရာ အထိ ရယူသွားမည်ဟု ကြံုးဝါး

ကလေး ၃၅ ယောက်ဖခင် ပါကစ္စတန်နိုင်ငံသားက ကလေးအယောက်တစ်ရာ အထိ ရယူသွားမည်ဟု ကြံုးဝါး

ဇွန် ၃ ။            ။ မိန်းမသုံးယောက် တစ်ပြိုင်နက် ယူထားပြီး ကလေး ၃၅ ယောက်အထိ ရပြီးဖြစ်သော အသက် ၄၆ နှစ်အရွယ် ပါကစ္စတန်နိုင်ငံသား ဆာဒါ ဂျန် မိုဟာမက် ခီဂျီ ဆိုသူက ကလေး အယောက်တစ်ရာအထိ ရယူသွားရန်  ရည်ရွယ်ထားသည်ဟု ပြောကြားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ကလေး အယောက် တစ်ရာ ဖခင်ဖြစ်ရေး ၎င်း၏ ရည်ရွယ်ချက်ပြည့်ရန် ယခုအခါ လေးယောက်မြောက် ဇနီးလောင်းကိုလည်း ရှာဖွေနေပြီ ဟုဆိုသည်။

မယားအများအပြားကို တစ်ပြိုင်နက်တည်း ယူတတ်သည့်အစဉ်အလာမှာ ကြုံတောင့်ကြုံခဲဖြစ်သော်လည်း ယနေ့ထက်ထိ ကျင့်သုံးမှုများရှိသော ယင်း မွတ်ဆလင်နိုင်ငံတစ်နိုင်ငံတွင် ခီဂျီ၏ ရည်မှန်းချက်မှာ လူပြောများစရာ တစ်ခုကဲ့သို့ ဖြစ်နေသည်။

၎င်းအနေဖြင့် ကလေးကို ရသလောက်ယူရမည့် ဘာသာရေးတာဝန်ကို ထမ်းဆောင်သွားရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆေးဝါး ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ခီဂျီ က ပြောသည်။ လက်ရှိအချိန်တွင် များပြားလွန်းလှသည့် ၎င်း၏ သားသမီးများ၏ နာမည်များကို ရောနှောလေ့ရှိသည်ဟု ၎င်းက ဝန်ခံပြောကြားသည်။

ခီဂျီ၏ လက်ရှိ ဇနီးမယားသုံးယောက်မှာလည်း ၎င်း၏ ရည်မှန်းချက် ပြည့်မီရန် ဖြည့်ဆည်းပေးမည်သူများဖြစ်ကာ လက်ရှိအချိန်တွင်လည်း မယားသုံးဦးစလုံးမှာ  ချစ်ချစ်ခင်ခင်ဖြင့် နေထိုင်နေကြသည်ဟု   ပြောသည်။

ယေဘုယျအားဖြင့် ပါကစ္စတန် အမျိုးသားများကို အစ္စလမ်ဘာသာအောက်တွင် မယားလေးယောက်အထိ ယူခွင့်ပြုထားသော်လည်း လေးယောက်မြောက်ဇနီးမယားကို မယူမီ မယားကြီး ဖြစ်သူနှင့် လူမှု ခုံသမာဓိကောင်စီထံမှ ခွင့်ပြုချက်တောင်းခံရသည်။

လက်ရှိအချိန်တွင် ဆေးခန်းတစ်ခုကို ဖွင့်လှစ်ထားပြီး ဆေးဝါးပိုင်း ကျွမ်းကျင်သော ခီဂျီမှာ စီးပွားရေးုပိုင်းတွင် အောင်မြင်ထားသူတစ်ဦးဖြစ်ပြီး ၎င်း၏ သွေးသားများကို ကျွေးမွေးစောင့်ရှောက်ရာတွင်   ငွေကြေးအခက်အခဲ တစ်စုံတစ်ရာ ကြုံတွေ့ခဲ့ရခြင်းမရှိဟု ဆိုသည်။

အလားတူ ယခုအခါ ခီဂျီ၏ အကြီးဆုံးကလေးက ၁၅ နှစ်ရှိပြီး အငယ်ဆုံးကလေးကို လွန်ခဲ့သည့် ရက်သတ္တပတ်ကြာကပင် မွေးဖွားထားခဲ့သည်။  " ကျွန်တော် ပထမဆုံးမိန်းမကို အသက် ၂၆ နှစ်လောက်ကတည်းကလက်ထပ်ယူခဲ့တာပါ၊ နောက်နှစ်မှာ နောက်ထပ် မိန်းမနှစ်ယောက်ကို လပိုင်းလောက်ခြားပြီး ထပ်ယူခဲ့ပါတယ်၊ အားလုံးကိုတော့ ကျွန်တော့်ရဲ့ မိဘတွေကပဲ စီစဉ်ပေးခဲ့တာပါ" ဟု ခီဂျီက ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly