တောင်သမန်စီမံကိန်း အင်းရေပြင် နှင့် ယဉ်ကျေးမှု မပျက်အောင် ဆောင်ရွက်မည်ဟုဆို

တောင်သမန်စီမံကိန်း အင်းရေပြင် နှင့် ယဉ်ကျေးမှု မပျက်အောင် ဆောင်ရွက်မည်ဟုဆို

မန္တလေး၊ ဇွန် ၃ ။             ။ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းအနီး ဧက ၅၀ ကျော်ပေါ်တွင် တည်ဆောက်လျှက်ရှိသည့် Taung Tha Man Resort စီမံကိန်းနှင့်ပတ်သက်၍ တောင်သမန်သစ္စာကုမ္ပဏီက ဇွန်လ ၃ ရက်၊ နံနက် ၁၀ နာရီက အဆိုပါနေရာတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ထိုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် လိုအပ်သောမြေယာများကို ဒေသခံများထံက ဝယ်ယူခဲ့ခြင်းဖြစ်သည်။ စီမံကိန်းပြီးစီးပါကလည်း ဒေသခံများစွာကိုလည်း အလုပ်အကိုင်အခွင့်လမ်းများ ပေးသွားမည်ဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် စီမံကိန်းဆိုင်ရာ ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ထွန်းက ဆိုသည်။

လက်ရှိအကောင်အထည်ဖော်နေသည့် စီမံကိန်းသည် တိုင်းဒေသကြီးအတွက်သာမက မြန်မာပြည်၏ ပုံရိပ်တစ်ခုပမာ ဖြစ်နေသော တောင်သမန်အင်း၊ ဦးပိန်တံတားနှင့် ဂုဏ်ဝင့်ထည်စွာ တိုးတက်နိုင်စေရန်အတွက် သဘာဝပတ်ဝန်းကျင် နှင့် ရိုးရာယဉ်ကျေးမှုများကို ချစ်မြတ်နိုးကြသော တိုင်းရင်းသားလုပ်ငန်းရှင်များက တန်ဖိုးရှိသော မူလအချက်အလက်များကို မပျက်စီးစေဘဲ ခေတ်နှင့်လျော်ညီသည့် နိုင်ငံတကာစံချိန်မီသည့် ဧရိယာတစ်ခုကို ဖော်ဆောင်နေကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဦးခင်မောင်ထွန်းကဆိုသည်။

"ကျွန်တော်တို့အနေနှင့် ဒေသခံပြည်သူများရဲ့ ရပိုင်ခွင့်ကို အထူးအလေးထား လုပ်ဆောင်ပါတယ်။ ယဉ်ကျေးမှုလည်း မပျက်သလို အင်းရေပြင်ကိုလည်း မထိခိုက်အောင်လုပ်ဆောင်နေပါတယ်။"ဟု ဦးခင်မောင်ထွန်းကပြောသည်။

အဆိုပါစီမံကိန်းပြီးလျှင် တိုင်းရင်းသားများဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းတိုင်းရင်းသားရိုးရာ လက်မှုထုတ်ကုန်များ၊ အစားအသောက်များနှင့် အဝတ်အထည်များကို ကောင်းမွန်စွာ ပြုလုပ်ရောင်းချနိုင်မည့် လူပုဂ္ဂိုလ်(သို့မဟုတ်)အဖွဲ့အစည်းများအား ဆိုင်ခန်းများအခမဲ့ပေးအပ်ရန် စီစဉ်ဆောင်ရွက်ထားသည်ဟုလည်း ဦးခင်မောင်ထွန်းကဆိုသည်။

အဆိုပါစီမံကိန်းပြီးစီးသွားပါက ပြည်တွင်းနေပြည်သူများသာမက နိုင်ငံတကာခရီးသွားများပါ လေ့လာနိုင်စေရန်အတွက် မြန်မာ့ရိုးရာလှည်း၊ လှည်းယဉ်၊ ရိုးရာလှေပေါင်းစုံ၊ ရုပ်ထုများ၊ ဆိုင်းဝိုင်းများ၊ ခွပ်ဒေါင်း၊ ကဒေါင်းများအပါအဝင် တိုင်းရင်းသားရိုးရာ အထိမ်းအမှတ်ပစ္စည်းမျိုးစုံနှင့် တေးကရိယာများကိုလည်း ပြသသွားမည်ဖြစ်သည်။

ထိုသို့ပြသနိုင်ရန်အတွက်လည်း လောလောဆယ်တွင် လက်မှုထုတ်ကုန်ပစ္စည်း တစ်ထောင်ကျော်ကို ဝယ်ယူထားပြီးဖြစ်သည်။ ထို့အပြင် တိုင်းရင်းသားရိုးရာအိမ်များလည်း တည်ဆောက်ရန်အတွက် ပြင်ဆင်ထားပြီးဖြစ်သည်။
လက်ရှိလုပ်နေသည့် စီမံကိန်းတွင် စုစုပေါင်းဝန်ထမ်း ၄၀၀ ကျော်လုပ်ကိုင်လျက်ရှိရာ ၂၀၀ ဦးဝန်းကျင်မှာ ဒေသခံများဖြစ်သည်ဟု ဦးခင်မောင်ထွန်းကဆိုသည်။

စီမံကိန်းအမြန်ဆုံးပြီးရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေဆဲဖြစ်ပြီး စီမံကိန်းကို ၂၀၁၅ခုနှစ်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းအား မြေယာရာဇဝင်နှင့် မြေအသုံးချမှုဆိုင်ရာများ၊ သဘာဝပတ်ဝန်းကျင်များ ဆိုင်ရာများအပေါ် အသေးစိတ် ပြန်လည်သုံးသပ်ရန်အတွက် မန္တလေးမြို့ မြို့တော်ဝန်က ခေတ္တရပ်ထားရမည်ဟု စည်ပင်သာယာရေးကော်မတီမှ ထုတ်သည့် မန္တလေးနေ့စဉ် သတင်းစာတွင် မေလ ၂၈ ရက်က ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စီမံကိန်းဆိုင်ရာ ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ထွန်းက "စီမံကိန်းရပ်နားတာမရှိပါဘူး။ဆက်လုပ်နေပါတယ်။ အခုလည်းလုပ်နေပါတယ်။"ဟု မဇ္ဈိမကိုပြောသည်။

ထိုသို့ မြို့တော်ဝန်မှ ခေတ္တရပ်နားထားရန်ပြောသော်လည်း ဆက်လက်ဆောင်ရွက်နေခြင်းနှင့် ပတ်သက်၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသို့ ဆက်သွယ်မေးမြန်းရာတွင် မြို့တော်ဝန်မအားသေးသောကြောင့် ကော်မတီဝင်(၅)ဦးရဲမွန်က "စီမံကိန်းက အပိုင်း ၃ ပိုင်းရှိတယ်။ အကုန်ရပ်ခိုင်းတာလား။ ဘယ်အပိုင်းပဲ ရပ်ခိုင်းလဲဆိုတာ ကျွန်တော်မသိပါဘူး။ မြို့တော်ဝန်ကိုပဲ မေးကြည့်မှသိမှာပါ။"ဟု မဇ္ဈိမ ကိုပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly