အစိုးရဘက်မှ ဒေါက်တာတင်မျိုးဝင်း နှင့် RCSS ဥက္ကဋ္ဌ တွေ့ဆုံ

အစိုးရဘက်မှ ဒေါက်တာတင်မျိုးဝင်း နှင့် RCSS ဥက္ကဋ္ဌ တွေ့ဆုံ
(ဓာတ်ပုံ-ဖနိဒါ)

ချင်းမိုင်၊ ဇွန် ၂ ။                ။ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA) ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်တို့ ဇွန်လ ၂ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA) လက်မှတ်ရေးထိုးထားသော RCSS/SSA ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ် အပါအဝင် ကိုယ်စားလှယ် ၄ ဦးနှင့် အစိုးရ ကိုယ်စားလှယ်များဘက်မှ ဒေါက်တာတင်မျိုးဝင်း နှင့် ကိုယ်စားလှယ် ၅ ဦးတို့ ညနေ ၅ နာရီကျော်ချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“၂၁ ရာစုပင်လုံပဲ ဖြစ်ဖြစ်၊ လာမယ့်နိုင်ငံရေးအခင်းအကျင်းမှာ ရေးဆွဲမဲ့ နိုင်ငံရေးမူဘောင် ကဏ္ဍတွေမှာ လက်မှတ် မရေးထိုးသေးတဲ့ အဖွဲ့တွေ ပါနိုင်အောင် ကျနော်တို့ ဘယ်လို ကူညီနိုင်မယ်။ ဘယ်လို လုပ်ဆောင်နိုင်ကြ မလဲဆိုတောပေါ့လေ။ ကျနော်တို့ လက်မှတ်ထိုးတဲ့အဖွဲ့တွေ သဘောထား ဘယ်လို ရှိသလဲဆိုတာကို တီးခေါက်လိုတဲ့ သဘောပေါ့နော်”ဟု RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒု ဗိုလ်မှူးကြီး စိုင်မိဏ်းက ပြောသည်။

RCSS/SSA ဘက်မှ NCA အကောင်အထည်ဖော်မှုဆုင်ရာ ညှိနှိုင်း အစည်းအဝေး(JICM)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အခန်းကဏ္ဍများ ပျောက်သွားသလို ဖြစ်နေမှုအပေါ် စိုးရိမ်ကြောင်း အစိုးရ ကိုယ်စားလှယ်များထံသို့ ဆွေးနွေးတင်ပြခဲ့သည်။ JICM ၏ စည်းမျဉ်းအရ ၃ လတစ်ကြိမ် အစည်းအဝေး ကျင်းပရမည် ဖြစ်ပြီး ၎င်း၏ အခန်းကဏ္ဍပျောက်နေသည်ဟု တင်ပြခဲ့ကြောင်း သူက မဇ္ဈိမကို ပြောသည်။

“အန်စီအေ သဘောသဘာဝက အထက်မှာ JICM ဆိုတဲ့ အစည်းအဝေးရှိတယ်။ ဒီအောက်မှာက UPDJC နဲ့ JMC ဆိုတဲ့ စစ်ရေး၊ ကာကွယ်ရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲ အပိုင်းဆိုပြီးတော့ ခွဲထားတာ ရှိတာပေါ့။ အဲဒီ အပေါ်မှာ JICM Rule မှာ ပျောက်နေ သလားဆိုတဲ့ ပုံစံမျိုး ကျနော်တို့လည်း စိုးရိမ်လို့ ပြန်ပြီးတော့ ဆွေးနွေးခြင်း ဖြစ်ပါတယ်။ သူတို့ အနေနဲ့ကလည်း မပျောက်ပါဘူး။ အန်စီအေ နည်းအတိုင်းဘဲ သွားနေတာ ဖြစ်ပါတယ်”ဟု ဒုဗိုလ်မှူးကြီး စိုင်မိဏ်းက ပြောသည်။

လက်ရှိ အစိုးရ ဖွဲ့စည်းလိုက်သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အကြိပြင်ဆင်ရေးကော်မတီ အနေဖြင့် ငြိမ်းချမ်းရေးဖာ်ဆောင်မှုတွင် စတင်လုပ်ဆောင်နေသဖြင့် တစ်ချို့ကဏ္ဍများ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသော်လည်း ပျောက်ပျက်မည် မဟုတ်ဘဲ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးတင်ပြခဲ့သည်ဟု သူက ပြောသည်။

ယင်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အကြိပြင်ဆင်ရေးကော်မတီသည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Shangri-la ဟိုတယ်တွင် ဇွန်လ ၃ ရက် ၁၀ နာရီမှ ၁၂ နာရီထိ နှစ်နာရီကြာ တွေ့ဆုံဆွးနွေးနေပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly