ဒေါက်တာတင်မျိုးဝင်းဦးဆောင်သည့် ၂၁ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ နှင့် UNFC တွေ့ဆုံ

ဒေါက်တာတင်မျိုးဝင်းဦးဆောင်သည့် ၂၁ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ နှင့် UNFC တွေ့ဆုံ

ချင်းမိုင်၊ ဇွန် ၃ ။                 ။ ဒေါက်တာတင်မျိုးဝင်းဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) မှ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စာလှယ်အဖွဲ့(DPN)တို့ ဇွန်လ ၃ ၇က် နံနက် ၁၀ နာရီတွင် တွေ့ဆုံ ဆွေးနွေးနေပြီ ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်မထိုးသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရသစ် တက်လာပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ဆောင်မှုတွင် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းလည်း ဖြစ်သည်။

ပြည်သူလူထုရွေးချယ်တင်မြောက်လိုက်သော အစိုးရသစ်အနေဖြင့် တိုင်းပြည် ငြိမ်းချမ်းရေးရရှိရန်အတွက် အဓိက လုပ်ဆောင်ရမည် ဖြစ်ကြောင့် အားလုံး ပွင့်ပွင့်လင်းလင်း ပြောဆို၍ ယုံကြည်မှု တည်ဆောက်ကြရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးက မိတ်ဆက်စကားပြောကြားခဲ့သည်။

“အဓိက အခြေခံ ကျဆုံးကတော့ တိုင်းပြည်တိုးတက်ရေး၊ ပြည်သူလူထုသက်သာချောင်ချိရေး၊ စားဝတ်နေရေးကအစ ငြိမ်းချမ်းရေး၊ လူနေမှုကစ ဒီလိုကိစ္စတွေမှာ ကျနော်တို့က ငြိမ်းချမ်းရေးမရဘဲနဲ့ ဘယ်လိုမှ မလုပ်နိုင်ပါဘူး။ ကျနော်တို့နဲ့ ဒီမှာတွေ့ခဲ့တဲ့ ညီအစ်ကိုမောင်နှမတွေ တစ်အိမ်ထဲမှာနေကြတာပဲ။ တခါတရံ မောင်နှမ အချင်းချင်းကြားမှာလည်း စကား မပြောတာရှိမယ်။ အဆင်မပြေတာရှိမယ်။ ဒါပေမဲ့ ဒီအချိန်မှာ ကျနော်တို့ အားလုံးအတွက်ကို ရည်စူးပြီးတော့ ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အတူတကွ နေထိုင်တဲ့လူတွေ အချင်းချင်း၊ အပြန်အလှန် ယုံကြည်မှု တည်ဆောက်မယ်။ နားလည်မှုတွေ တည်ဆောက်ပြီးလို့ ရှိရင် ကျနော်တို့ တကယ့်ကို အားလုံးရဲ့ ဆန္ဒနဲ့ပြည့်ဝတဲ့ ဖက်ဒရယ် ပြည်ထောင်စုတခု။ ငြိမ်းချမ်းသာယာတဲ့ နိုင်ငံတော်တခု တည်ဆောက်ဖို့ဆိုပြီးတော့ ကျနော့်ကို တာဝန်ပေးအပ်ပါတယ်” ဟု ဒေါက်တာတင်မျိုးဝင်းက ပြောသည်။

“ဒီမှာ ကျနော်တို့ ဝိုင်းပြီးတော့ ပွင့်ပွင့်လင်းလင်းနဲ့ အားမနာတမ်း ကျနော်တို့ကို တင်ပြပါ။ ကျနော်တို့ဘက်ကလည်း ပြန်ပြောပါ့မယ်။ ညီအစ်ကိုတွေ ဆွေးနွေးသလိုမျိုုး ယုံကြည်မှု တည်ဆောက်ပြီးတော့လုပ်ကြပါလို့ ကျနော် မေတ္တာ ရပ်ခံပါတယ်”ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

ယနေ့ တွေ့ဆုံမှုသည် ရှေးအနာဂတ်အတွက် ကောင်းမွန်သည့် ခြေလမ်းဖြစ်သည်ဟု ယုံကြည်ကြောင်း DPN မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ် ဂွန်မော်က နုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

“နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်လာရင် မှန်ကန်တဲ့အဖြေရရှိအောင်လို့ ယုံကြည်တဲ့အတွက် ဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ အခု အစိုးရသစ်အနေနဲ့ ယုံကြည်စိတ်ချစွာနဲ့ ကျနော်တို့နဲ့ ဆွေးနွေးပွဲတွေ ကျင်းပနိုင်မယ်ဆိုတာ အစိုးရရဲ့ ဂုဏ်သိက္ခာကို ယုံကြည်တဲ့ အတွက်ကြောင့်မို့ ကြိုတင်ပြင်ဆင်မှု အနေနဲ့ ဒီပီအန်ကို ဖွဲ့စည်းပြီးမှ မျော်လင့်ကြီးစွာနဲ့ ကျနော်တို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဂွန်မော်က ပြောသည်။

တွေ့ဆုံမှုတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အကြိပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းနှင့် ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦး၊ ဦးကျော်လင်းဦးတို့ နှင့် UNFC ဘက်မှ တိုင်းရင်းသားခေါင်းဆောင် ၁၃ဦး တက်ရောက်ဆွေးနွေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly