ဂရန်လက်ဝယ်ရှိသူ နှင့် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် နေအိမ် ၁၇လုံး အငြင်းပွားရာမှ ဒေသခံ နှင့် တရားရုံးဝန်ထမ်းများ ပဋိပက္ခဖြစ်

ဂရန်လက်ဝယ်ရှိသူ နှင့် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် နေအိမ် ၁၇လုံး အငြင်းပွားရာမှ ဒေသခံ နှင့် တရားရုံးဝန်ထမ်းများ ပဋိပက္ခဖြစ်
(ဓာတ်ပုံ- အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ ဇွန် ၂ ။              ။ ဂရန်လက်ဝယ်ရှိသူ နှင့် မြေပေါ် နှစ်ပေါင်း ၁၀၀ ဝန်းကျင် နေထိုင်သည့် ဒေသခံ နေအိမ် ၁၇လုံးတို့ မြေယာအငြင်းပွားမှုဖြစ်ကာ တရားရုံးတာဝန်ရှိသူများ နှင့် ဒေသခံများ ပဋိပက္ခဖြစ်ပွားမှု မန္တလေးတွင် ဇွန်လ ၂ရက်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ၂၉လမ်းနှင့်လမ်း၃၀ ကြား၊ ၅၃လမ်း၊ ကံကောက်ရပ်ကွက်တွင် နေထိုင်နေသည့် နေအိမ် ၁၇လုံးမှာ ဒေါ်ရွှေရည်အမည်ပေါက်ဟုဆိုကာ တရားရုံးအမိန့်ဖြင့် နှင်ဝရမ်းလာကပ်ရာမှ ပဋိပက္ခဖြစ်ပွားခဲ့သည်။

အဆိုပါအမှုသည် ၂၀၀၉ခုနှစ်ကတည်းက ဖြစ်ပွားခဲ့ပြီး ဂရမ်အမည်ပေါက်ပိုင်ရှင်ရှိသည်ဟုဆိုကာ ဂရမ်လက်ဝယ်ရှိသူ ဒေါ်ရွှေရည်က တရားစွဲခဲ့ခြင်းဖြစ်ပြီး ဒေသခံ ၁၇ဦးက အမှုရှုံးနိမ့်ခဲ့သည်။

"သူတို့ဘက်က အယူခံအဆင့်ဆင့် တက်ခွင့်ရခဲ့တယ်။ ဒါလည်းရှုံးခဲ့တယ်။ ဒါ့ကြောင့် ဒီမှာတရားရုံး အမိန့်နဲ့ လာရောက်ဆောင်ရွက် ရခြင်း ဖြစ်ပါတယ်။" ဟု မန္တလေးခရိုင်တရားရုံးက တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ နှင်ဝရမ်းအား ဇွန်လ ၁ ရက်ကကပ်ရန် ဆောင်ရွက်ခဲ့သော်လည်း ဒေသခံအချို့က ရွာပိုင်မြေဟုဆိုကာ ဝန်းခြံတံခါးကို ဖွင့်မပေးသည့်အတွက် ဇွန်လ ၂ ရက်တွင် အရပ်သား အလုပ်သမားများကို သုံးကာ ဝန်းခြံတံခါးအား ဖျက်စီး၍ ဝင်ရောက်ရန် ကြိုးစားရာမှ ပြဿနာဖြစ်ခြင်းဖြစ်သည်။

ထိုသို့ဖြစ်ပွားသောကြောင့် ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့၊ မန္တလေးခရိုင်ရဲတပ့်ဖွဲ့ တို့မှ ရဲလုံခြုံရေးအင်အား ၅၀ ခန့်ဖြင့် လုံခြုံရေးယူပေးထားခြင်းဖြစ်သည်ဟု ခရိုင်ရဲတပ်ဖွဲ့မှူးကဆိုသည်။

"ပြဿနာမဖြစ်ပါဘူး။ ကျွန်တော်တို့က နှစ်ဘက် ပြဿနာမဖြစ်အောင် လုံခြုံရေးယူပေးတာပါ။ အမှုနိုင်တဲ့သူက အမှုရှုံးတဲ့သူဆီကို ဝရမ်းလာကပ်တာ အကပ်မခံတော့ အခုလိုတွေဖြစ်တာပါ။"ဟု လုံခြုံယူထားသော ခရိုင်ရဲတပ်ဖွဲ့မှူးကပြောသည်။

ယခုအငြင်းပွားနေသောမြေယာသည် ယခင်က ပုသိမ်ကြီးမြို့နယ်တွင်ပါဝင်ပြီး ကံကောက်ရွာမြေပေါက်ဖြစ်ကာ ၁၉၉၄ခုနှစ်တွင် ချမ်းအေးသာစံမြို့နယ်တွင်းသို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။ကံကောက်တွင်နေထိုင်သူအများစုသည် မြေယာပိုင်ဆိုင်ခွင့်အထောက်အထားမရှိသော်လည်း ဘိုစဉ်ဘောင်ဆက်နေထိုင်လာကြသည်ဟု ဝရမ်အကပ်ခံရသည့်အထဲတွင်ပါသည့် ဒေါ်မြဝင်းကဆိုသည်။

"သူတို့ဘက်က မြေဂရမ်ပြနိုင်တယ်။ ဒါဟာလည်း အတုကြီးဖြစ်တယ်။ ဒီမြေပေါ်မှာ ကျွန်မတို့နေလာတာ ကြာပြီ။ နှစ်ပေါင်းလည်း မနည်းတော့ဘူး။ ကျွန်မတို့က နှစ်ပေါင်းများစွာ နေလာခဲ့ပေမယ့် ဘာပိုင်ဆိုင်မှုမှ မရှိဘူး။ သူတို့သာ မြေပုံပေါ်လက်ထောက်ပြီး ဂရမ်တွေရအောင် လုပ်နေကြတာဖြစ်တယ်"ဟု ဒေါ်မြမြဝင်းက ပြောသည်။

ဝရမ်းအကပ်ခံရမည့်အထဲတွင် ပါဝင်သူ အသက် ၆၅ နှစ်အရွယ်ရှိသူ ဒေါ်အေးကလည်း "အမေတို့ကတော့ ဖယ်မပေးပါဘူး။ ဖယ်ပြီးဘယ်သွားနေရမှာလဲ။ သူတို့ဂရမ်က ဘယ်လိုရတာလဲ။ အမှန်တရားပေါ်ပေါက်ဖို့ သက်ဆိုင်ရာတွေအနေနဲ့ ပြန်လည်စီစစ် စစ်ဆေးပေးစေချင်တယ်။" ဟုပြောသည်။

အဆိုပါ ဝရမ်းကပ်ခံရမည့် ၁၇ အိမ်မှစုပေါင်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပြန်လည်စစ်ဆေးဖော်ထုတ်ပေးရန် သွားရောက်တွေ့ဆုံခြင်းနှင့်စာတင်ခြင်းများပြုလုပ်သွားမည်ဟု ဝရမ်ကပ်ခံရမည့်သူများကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly