MH 17 လေယာဉ် ပစ်ချခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ မလေးရှားလေကြောင်းလိုင်းကို လေယာဉ်အမှုထမ်းခြောက်ဦး၏ မိသားစုဝင်များက တရားစွဲ

MH 17 လေယာဉ် ပစ်ချခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ မလေးရှားလေကြောင်းလိုင်းကို လေယာဉ်အမှုထမ်းခြောက်ဦး၏ မိသားစုဝင်များက တရားစွဲ

ကွာလာလမ်ပူ၊ ဇွန် ၂ ။              ။ ယူကရိန်းနိုင်ငံတွင် မလေးရှားMH 17 လေယာဉ် ပစ်ချခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ မလေးရှားလေကြောင်းလိုင်းကို တာဝန်ပေါ့လျော့မှုနှင့် စာချုပ်ပါအချက်များ   ဖောက်ဖျက်မှုတို့ဖြင့် လေယာဉ်ပေါ်အမှုထမ်းခြောက်ဦး၏ မိသားစုဝင်များက တရားစွဲဆိုလိုက်သည်။

ယခုဖြစ်စဉ်တွင် အဆိုပါလေယာဉ်ပေါ် လိုက်ပါသေဆုံးသွားရသော လေယာဉ်အမှုထမ်းများ၏ ဆွေမျိုးသားချင်း ၁၁ ဦးက  ကွာလာလမ်ပူတရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

" ကျွန်တော်တို့ လေကြောင်းလိုင်းကို တရားစွဲဆိုထားပါတယ်၊ တာဝန် ပေါ့ဆမှုကြောင့်ပါ၊သူတို့ဟာ ကြုံတွေ့လာရနိုင်တဲ့ အန္တရာယ်ကို သတိမမူပဲ ကြိုတင် အလေးထားဖို့ ပျက်ကွက်ခဲ့တာပါ" ဟု အဆိုပါမိသားစုဝင်များ၏ ရှေ့နေ ဘာလန် နိုင်အာက သတင်းထောက်များကို ပြောသည်။

ယခုကိစ္စသည် အဆိုပါ လေယာဉ်ပစ်ချခံမှုတွင်သေဆုံးသွားသူများ၏မိသားစုဝင်များက ပထမဆုံးအကြိမ်တရားစွဲဆိုခဲ့ခြင်းဖြစ်ကာ လေကြောင်းလိုင်းသည် ယင်း၏ အမှုထမ်းများ၏ အသက်အန္တရာယ်၊ကျန်းမာရေး နှင့် လုံခြုံရေးတို့အတွက် အပြည့်အ၀ အာမခံပါမည်ဟု ချုပ်ဆိုထားသော စာချုပ်ပါအချက်များကို ချိုးဖောက်ခဲ့သည်ဟု ဆွေမျိူးသားချင်းများက ယူဆထားကြသည်။

အလားတူ ယင်းအချိန်တုန်းက ပဋိပက္ခဖြစ်ပွားရာ ဇုန်အတွင်းသို့ ဖြတ်သန်းပျံသန်းမှု မပြုလုပ်မီ ကြိုတင်လုပ်ဆောင်သင့်သည့် အကဲဖြတ်မှုမျိုး လုပ်ဆောင်ပေးရန် ပျက်ကွက်ခဲ့သည်ဟု   ဆွေမျိုးများက ပြောကြားထားသည်။

မလေးရှား MH 17 လေယာဉ်သည် အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ ပျံသန်းရာလမ်းကြောင်းတွင် ၂၀၁၄ ဇူလိုင်လက ပစ်ချခံခဲ့ရပြီး လေယာဉ်ပေါ်ပါ ခရီးသည်နှင့် အမှုထမ်း ၂၉၈ ဦးစလုံးသေဆုံးခဲ့ရသည်။ ယင်းကာလအတွင်းက ယူကရိန်းနယ်စပ်တွင် ရုရှကျောထောက်နောက်ခံ ခွဲထွက်ရေးသမားများနှင့် ယူကရိန်းအစိုးရတပ်တို့ တိုက်ပွဲများ အရှိန်မြင့်နေချိန်လည်း ဖြစ်ပြီး ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားသော ဒိုနက်စ်မြို့တွင် ပစ်ချခံခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly