မြေယာလျော်ကြေးတောင်း၍ အမှုဖွင့်ခံထားရသော ကြေးစင်တောင်ဒေသခံ ၃ဦးအတွက် ဝန်ရံသူများက စုပေါင်းဒဏ်ငွေဆောင်

မြေယာလျော်ကြေးတောင်း၍ အမှုဖွင့်ခံထားရသော ကြေးစင်တောင်ဒေသခံ ၃ဦးအတွက် ဝန်ရံသူများက စုပေါင်းဒဏ်ငွေဆောင်

မုံရွာ၊ ဇွန် ၂ ။               ။ မြန်မာယန်စီကုမ္ပဏီမှ တရားစွဲဆိုခံထားရသည့် စံပယ်တောင်၊ ကြေးစင်တောင်ဒေသခံ ၃ ဦးအား ဇွန် ၁ရက်က ဆားလင်းကြီးမြို့နယ် တရားရုံးမှ ထောင်ဒဏ်(သို့)ငွေဒဏ် အမိန့်ချမှတ်ခဲ့ရာ ဝန်ရံပြည်သူများစုပေါင်းကာ ဒဏ်ငွေ ဆောင်ခဲ့ကြသည်။

မြန်မာယန်စီကုမ္ပဏီမှ ကံကုန်းရွာမှ ကိုတင့်အောင်စိုး၊ ကိုမိုးခိုင် နှင့် ဖောင်းကားရွာမှ သော်ဇင်ထွန်းတို့အား ၂၀၁၅ ခုနှစ်၊ မေ ၂၆ ရက်က တရားစွဲဆိုခဲ့သော အမှုဖြစ်သည်။

"မြို့နယ်တရားသူကြီးက တရားစွဲဆိုခံထားရတဲ့ အမှု ၃ ခုအတွက် ထောင်ဒဏ်စုစုပေါင်း (၅၂)ရက် (သို့) ငွေဒဏ် ၁၅,၀၀၀ ကျခံစေဖို့ အမိန့်ချခဲ့တယ်။ ကျနော်တို့ဟာ အပြစ်မရှိတဲ့အတွက် လုံးဝ ဒဏ်ငွေမဆောင်နိုင်ပါဘူး။ ထောင်ဒဏ်ကျခံပါ့မယ်။ ဒါပေမဲ့ ဝန်းရံပြည်သူတွေဟာ စုပေါင်းပြီးတော့ ဒဏ်ငွေဆောင်ခဲ့ကြပါတယ်။" ဟု တရားစွဲဆိုခံခဲ့ရသူ ကိုတင့်အောင်စိုးက ပြောသည်။

အဆိုပါ စံပယ်ကြေးစင်တောင်ဒေသခံ ၃ ဦးအား ယန်စီကုမ္ပဏီမှ ပိုင်နက်ကျူးလွန်မှု၊ တရားမဝင် လူစုလူဝေးမှု၊ ဟန့်တားနှောင့်ယှက်မှု တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၂၁ ကြိမ်မြောက် ရုံးချိန်းတွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဆားလင်းကြီးမြို့နယ် တရားရုံးမှ တရားမဝင်လူစုလူဝေးမှု (ပုဒ်မ ၁၄၃) အတွက် ထောင်ဒဏ်တစ်လ၊ဟန့်တားနှောင့်ယှက်မှု(ပုဒ်မ ၃၄၁)အတွက် ၇ ရက်၊ ပိုင်နက်ကျူးလွန်မှု(ပုဒ်မ ၄၄၇) အတွက် ၁၅ ရက် (သို့မဟုတ်) ပြစ်မှု ၃ ခုအတွက် တစ်ခုလျှင် ဒဏ်ငွေ ၅၀၀၀၊ (၃ မှု အတွက် ၁၅၀၀၀) ကျခံစေရန် ချမှတ်ခဲ့ခြင်းဖြစ်သည်။

စံပယ်တောင်ကြေးစင်တောင် ဒေသခံများမှ မြေယာလျော်ကြေးရရှိရေး၊ ဒေသခံအလုပ်သမားများ ပါမစ်ရရှိရေး၊ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရာခိုင်နှုန်း ပိုမိုထည့်ဝင်ရေး စသည့်အချက်တို့ကို တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly