ရှမ်းမြောက်ပိုင်းတိုက်ပွဲများကိစ္စ RCSS ဥက္ကဋ္ဌ နှင့် UNFC ဥက္ကဋ္ဌတို့ သီးသန့်ဆွေးနွေး

ရှမ်းမြောက်ပိုင်းတိုက်ပွဲများကိစ္စ RCSS ဥက္ကဋ္ဌ နှင့် UNFC ဥက္ကဋ္ဌတို့ သီးသန့်ဆွေးနွေး

ချင်းမိုင်၊ ဇွန် ၁ ။  ။ ရှမ်းမြောက်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကိစ္စကို UNFC ဥက္ကဋ္ဌ နှင့် RCSS ဥက္ကဋ္ဌတို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇွန် ၁ရက်က တစ်နာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့သည်။ 

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA ) ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လတို့က ဇွန် ၁ရက် မွန်းလွဲ ၂နာရီမှ စတင်ကာ တွေ့ဆုခဲ့ကြခြင်းဖြစ်သည်ဟု RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက မဇ္ဈိမကို ပြောသည်။

“တိုင်းရင်းသား အချင်းချင်း တိုက်ပွဲဖြစ်တယ်ဆိုတာ မကောင်းဘူး။ ဒါကြောင့်မို့ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့အေးအတူ ပူအမျှ နည်းလမ်းရှားကြဖို့ ကျနော်တို့က တောင်းဆိုထားတယ်။ ဒီတောင်းဆိုချက်ကို UNFC ဥက္ကဌလည်း လက်ခံတယ်။ သူ့ သဘောထားကလည်း ကျနော်တို့ဥက္ကဌ သဘောထားနဲ့ ထပ်တူဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။ 

RCSS/SSA နှင့် ရှမ်းမြောက်ပိုင်းအခြေစိုက် တအာင်း/ပလောင်တပ် (TNLA)တို့ ဖြစ်ပွားသည့် တိုက်ပွဲများအရေး UNFCက ကြားဝင်ညှိနှိုင်းပေးရန် စာပို့ထားသည့်ကိစ္စကို ဆွေးနွေးခြင်းလည်းဖြစ်သည်။ 

RCSS နှင့် TNLA တို့ တွေ့ဆုံဆွေးနွေးမည့် အလားအလာနှင့် ပတ်သက်ပြီး "ဒါပေမဲ့ တွေ့ဆုံနိုင်ဖို့ သူတို့ဘက်က တတ်နိုင်တဲ့ဘက်ကနေ ကူညီဆောင်ရွက်ပေးပါ့မယ် ဆိုတာတွေ ပြောသွားပါတယ်”ဟု ဗိုလ်မှူးကြီး စိုင်းလက မဇ္ဈိမကို ပြောသည်။ 

ပြီးခဲ့သည့် ဧပြီလက RCSS/SSA ဘက်မှ ချင်းမိုင်မြို့တွင် နှစ်ဖက် ညှိနှိုင်းဆွေးနွေးရန် အဆိုပြုမှုကို TNLA ဘက်မှ ဧပြီလကုန်တွင် အကြောင်းပြန်မည်ဟု ပြောဆိုခဲ့သော်လည်း ယခုထိ အကြောင်း ပြန်ကြားခြင်းမရှိဘဲ မေလ ၁ ရက်မှစတင်၍ တိုက်ပွဲပြန်လည်ဖြစ်ပွားကာ တွေ့ဆုံမည့်အစီအစဉ် ပျက်ယွင်းခဲ့ရသည်။ 

RCSS/SSA ဘက်မှ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် တွေ့ဆုံရန်အတွက် လိုလားပြီး TNLA ဘက်ကမူ တရုတ်-မြန်မာနယ်စပ် တစ်နေရာတွင် တွေ့ဆုံရန် လိုလားသဖြင့် ညှိနှိုင်းမရသေးခြင်းလည်းဖြစ်သည်။ 

ထို့ပြင် မေလ ၃၁ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းမောဘက်တွင် တိုက်ပွဲ တစ်နေကုန် ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သလို၊ ဇွန်လ ၁ ရက်တွင်လည်း တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်သည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ကုန်းမုံ၊ ကုန်းညောင်ကျေးရွာအထက်တွင် မေလ ၃၁ ရက် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ TNLA နှင့် RCSS/SSAတို့ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု TNLA မှ သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။

RCSS/SSA သည် ယခင်အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA) လက်မှတ်ရေးထိုးခဲ့ပြီးနောက် နိုဝင်ဘာလ ၂၇ ရက်တွင် TNLA ထိန်းချုပ်ရာ နယ်မြေသို့ ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်ဟု သိရသည်။ TNLA သည် NCA လက်မှတ်ရေးထိုးရန် ယခင်အစိုးရလည်း လက်မခံသော အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags