ခန္တီးမြို့ရှိ ရေလုပ်သားများ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် နှုတ်ထွက်ရေး ဆန္ဒပြမည်

ခန္တီးမြို့ရှိ ရေလုပ်သားများ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် နှုတ်ထွက်ရေး ဆန္ဒပြမည်
(ဓါတ်ပုံ-Sagaing Regional Information Page)

မုံရွာ၊ ဇွန် ၁ ။            ။ ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့ရှိ ရေလုပ်သားများမှ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှုတ်ထွက်ပေးရေး ဆန္ဒထုတ်ဖော်သွားမည်ဟု သိရသည်။

ခန္တီးမြို့ရေလုပ်သားများမှ တိုက်ရိုက်ငါးဖမ်းခွင့်ချပေးရန် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ထံ ဧပြီလ ၂၆ ရက်က စာတင်တောင်းဆိုထားသော်လည်း လစ်လျူရှု့ထားသဖြင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။

"ချင်းတွင်းမြစ်ထဲမှာ တိုက်ရိုက်သော်လည်းကောင်း၊ ဘုံငါးဖမ်းခွင့်ကိုသော်လည်းကောင်း ချထားပေးဖို့ ရေလုပ်သားတွေ တောင်းဆိုထားပါတယ်။ ဒါပေမဲ့ လျစ်လျူရှုထားတယ်။ အခု လေလံကြေညာ လိုက်ပြီ၊ လေလံစနစ်ဆိုရင် ရေလုပ်သားတွေမလိုက်နိုင်ပါဘူး။ ဒါ့ကြောင့်မို့ လေလံဆွဲမှာလည်းမဟုတ်ဘူး။ ရေလုပ်သားတွေ ငါးဖမ်းခွင့်ရရေးကိုပဲ တောင်းဆိုသွားမယ်။" ဟု ရေလုပ်သားတစ်ဦးက   ပြောသည်။

စစ်ကိုင်းတိုင်းဝန်ကြီး ချုပ်နှုတ်ထွက်ပေးရန် အတွက် ဆန္ဒထုတ်ဖော်ပွဲကို ဇွန် ၂၀ ရက်တွင် ရေလုပ်သားအင်အား ၂၀၀ ကျော်မှ ဆန္ဒထုတ်ဖော်ကြမည်ဖြစ်ကြောင်း ခန္တီးဒေသခံကိုအောင်ဆန်းမြင့်က ပြောသည်။

"ရေလုပ်သားတွေ စာတင်တောင်းဆိုထားလျက်နဲ့ မျက်ကွယ်ပြုထားတယ်။ ပြည်သူ့အသံကို မေ့ထားတယ်။ ဆင်းရဲသားလျော့ချရေးအတွက် လုပ်မပေးနိုင်ဘူး။ အုပ်ချုပ်ရေးညံ့ဖျင်းလှတယ်။"ဟု ၎င်းက ဆိုသည်။

ခန္တီးမြို့ရေလုပ်သားများမှ ဆင်းရဲသားလျော့ချရေး လုပ်ဆောင်ပေးနိုင်ခြင်း မရှိသည့်ဝန်ကြီးချုပ်အလိုမရှိ၊ ပြည်သူ့အသံ မျက်ကွယ်ပြုထားသည့် ဝန်ကြီးချုပ် အလိုမရှိ၊ အုပ်ချုပ်မှုညံ့ဖျင်းသည့် ဝန်ကြီးချုပ်အလိုမရှိ၊ စသည့်တို့ကို ကြွေးကြော်မည်ဖြစ်ကြောင်း သိရသည်။

ယခု တင်ပြတောင်းဆိုထားသည့်စာနှင့် ယခင်အစိုးရထံတွင် တောင်းဆိုထားသည့် စာများကို ဝန်ကြီးချုပ်ဆီသာမက မြို့နယ်ကိုယ်စားလှယ်များထံကိုလည်း တင်ပြထားကြောင်း သိရသည်။

၂၀၁၅ ခုနှစ်က ငါးဖမ်းခွင့်လိုင်စင်ကို ခန္တီးမြို့ ရေလုပ်သားများထံ တိုက်ရိုက်ချထားပေးခဲ့ကြောင်း ရေလုပ်သားများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly