မုံရွာ၊ ဇွန် ၁ ။ ။ ရက်၁၀၀ စီမံချက်အတွင်း မုံရွာခရိုင်အတွင်း၌ ပြစ်မှုပေါင်း ၃၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးကြီး ချင်းစိန်က ပြောသည်။
မုံရွာခရိုင်တွင် မုံရွာ၊ ချောင်းဦး၊ အရာတော်၊ ဘုတလင် စသည့် ၄ မြို့နယ်ဖြင့် ဖွဲ့စည်းထားရှိပြီး အဆိုပါ အမှုများမှာ မုံရွာမြို့နယ်တွင် အများဆုံးဖမ်းမိခဲ့ခြင်းဖြစ်သည်။
"အမှုပေါင်း ၃၅၀ ကျော်ပြီ၊ စည်ကမ်းမဲ့ယာဉ် အများဆုံးဖမ်းဆီးရမိမှုက အများဆုံးပဲ။ လောင်းကစားမှု၊ ယစ်မျိုး နဲ့ ပြည့်တန်ဆာ အစုံပါတယ်။ ရက်၁၀၀ စီမံချက်အတွင်း ဖမ်းမိတာပဲ။"ဟု မုံရွာခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးကြီးချင်းစိန်က ပြောသည်။
စည်းကမ်းမဲ့ယာဉ်ဖမ်းဆီးမှု(၂၃၃)မှု၊ လိုက်စင်မဲ့ကားသိမ်းဆည်းမှု(၁၃)မှု၊ သစ်ဖမ်းဆီးမှု(၅)မှု၊ ယစ်မျိုးမှု(၃၃)မှု၊ ရဲအက်(၄၇)မှု၊ လောင်းကစား(၉)မှု၊ လက်နက်ပုန်း(၇)မှု၊ ပြည့်တန်ဆာ(၂)မှု စသည့် ပြစ်မှုတို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရဲဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် ကနီမြို့နယ်မှ (၁၄)နှစ်အရွယ်မိန်းကလေး တစ်ဦး ဖေ့စ်ဘုတ်မှတွေ့သည့် ရည်းစားရှိရာ ရန်ကုန်သို့ လိုက်သွားရန် အိမ်မှ ခိုးထွက်လာခြင်းကိုလည်း မိဘနှင့် ပြန်လည်တွေ့ဆုံ အပ်နှံပေးခဲ့သည်။
မုံရွာခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်တို့ပူးပေါင်းကာ ပြစ်မှုဆိုင်ရာကျဆင်းရေးအတွက် အသိပေးဟောပြောမှုများကိုလည်း ပြုလုပ်လျက်ရှိသည်။