စစ်ကိုင်းတိုင်းအတွင်း ကုမ္ပဏီသစ်(၁၇)ခု မှတ်ပုံတင်

စစ်ကိုင်းတိုင်းအတွင်း ကုမ္ပဏီသစ်(၁၇)ခု မှတ်ပုံတင်

မုံရွာ၊ ဇွန် ၁ ။               ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရင်းနှီးမြုပ်နှံမှုလုပ်ကိုင်ရန် ပုဂ္ဂလိက ကုမ္ပဏီ (၁၇)ခုမှ လာရောက်မှတ်ပုံတင်ကြောင်း တိုင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

"ဒေသတွင်းလုပ်ကိုင်မယ့် ကုမ္ပဏီ(၁၇)ခု လာရောက်မှတ်ပုံတင်ပါတယ်။ ကုမ္ပဏီ သက်တမ်းတိုးတာက(၃)ခုပါ။ အသစ်ဖွဲ့စည်းတဲ့ ကုမ္ပဏီအများစုဟာ ဆောက်လုပ်ရေးလုပ်ငန်း၊ ရွှေသတ္ထုတူးဖော်ရေးလုပ်ငန်း တွေပါဝင်ပါတယ်။"ဟု ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးခိုင်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိရိုးဖလာလုပ်ငန်းများ၊ ရိုးရာလုပ်ငန်းများ အများစုလုပ်ကိုင်ကြပြီး ယင်းလုပ်ငန်းသေးများကိုလည်း မှတ်ပုံတင်ရန်လိုအပ်ကြောင်း၊ ယင်းမှသာ ပြည်ပသို့တင်ပို့လျှင် လွယ်ကူမည်ဖြစ်ကြောင်း ၎င်းက အကြံပြုသည်။

ထို့ပြင် ရက် ၁၀၀ စီမံချက်အတွင်း အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများအတွက် ကုမ္ပဏီမှတ်ပုံတင်ကြေး ထက်ဝက်လျော့ချပေးထားကြောင်း၊ သက်တမ်းတိုးကြေးကိုလည်း လျော့ချပေးထားကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

ယခင်က ကုမ္ပဏီမှတ်ပုံတင်ကြေးမှာ ၁၀သိန်းကျပ်ဖြစ်ပြီး သက်တမ်းတိုးကြေးမှာ ၅သိန်းကျဖြစ်ရာ ယခု မှတ်ပုံတင်ကြေး ၅သိန်း၊ သက်တမ်းတိုးကြေး ၃သိန်းထိ လျော့ချထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly