ဆိုင်ကယ်ခိုးသူအား နာရီပိုင်းအတွင်း ဖော်ထုတ်ဖမ်းဆီး

ဆိုင်ကယ်ခိုးသူအား နာရီပိုင်းအတွင်း ဖော်ထုတ်ဖမ်းဆီး

မန္တလေး၊ ဇွန် ၁ ။            ။ မန္တလေးတွင် ဆိုင်ကယ်ခိုးသူတစ်ဦးအား ၂၄ နာရီအတွင်း ဇွန်လ ၁ရက် မွန်းလွဲပိုင်းက ဖမ်းမိခဲ့ကြောင်း အောင်မြေသာဇံမြို့နယ်၊ အမှတ်(၂)နယ်မြေရဲစခန်းက ရဲအုပ် ကံအောင်မြင့်က ပြောသည်။

အမှတ်(၂)ပိုင် နယ်မြေဖြစ်သည့် အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ မိုးသူဇာကဖေး မှ ယနေ့ နံနက် ၈ နာရီက Tricker ဆိုင်ကယ်တစ်စီးပျောက်နေသည်ဟု လာရောက် အကြောင်းကြားသောကြောင့် စုံစမ်းဖော်ထုတ်ခဲ့ရာ ဆိုင်ကယ်ခိုးသူကို ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

"ကျွန်တော်တို့ သိသိချင်း အကွက်မှူးတွေနဲ့ ပူးပေါင်းစုံစမ်းရှားဖွေပါတယ်။ မန္တလေးတောင်ခြေအနီးက ဘုန်းကြီးကျောင်းတစ်ကျောင်းထဲမှာ ခိုးရာပါပစ္စည်းနဲ့အတူ ဖမ်းမိခဲ့တာပါ။"ဟု ရဲအုပ် ကံအောင်မြင့်ကပြောသည်။

အဆိုပါဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိသူမှာ စစ်ကိုင်းမြို့နယ်၊ မင်းကွန်း ကင်းရွာမှ ရဲထက်အောင် ၁၉ နှစ်ဖြစ်ပြီး ဆက်စပ်အမှုများရှိမရှိ စစ်ဆေးရာ HUAWEI G 730 ဖုန်းတစ်လုံး ခိုးယူထားကြောင်းလည်း  ပေါ်ပေါက်ခဲ့သည်။

ဆိုင်ကယ်ခိုးယူသူ ရဲထက်အောင် ၁၉ နှစ်အား (ပ)၉၇/၁၆ ၊ပြစ်မှု ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိသည်ဟု ရဲအုပ် ကံအောင်မြင့်ကဆိုသည်။

အမှတ်(၂)နယ်မြေရဲစခန်းအပိုင် အတွင်းတွင် ရက် ၁၀၀ စီမံချက်ဖြင့် ခိုး၊ ဆိုး၊ နှိုက်၊ လောင်းကစားမှုများနှင့် မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ရပ်ကင်း၊ လှည့်ကင်း၊ဝပ်ကင်းများဖြင့် ဆောင်ရွက်နေပြီး ရပ်ကွက်နေ ပြည်သူလူထုအားလည်း မှုခင်းကြိုတင်ကားကွယ်ရေးအသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly