ရေပိုင်နက်အတွင်း တရားမဝင် ၀င်ရောက်ခဲ့မှုဖြင့် ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့မှ သင်္ဘောများကို အင်ဒိုနီးရှား ဖမ်းဆီးခဲ့ပြန်

ရေပိုင်နက်အတွင်း တရားမဝင် ၀င်ရောက်ခဲ့မှုဖြင့် ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့မှ သင်္ဘောများကို အင်ဒိုနီးရှား ဖမ်းဆီးခဲ့ပြန်

ဂျာကာတာ၊ ဇွန် ၁ ။               ။ အင်ဒိုနီးရှားနိုင်ငံ အနောက် ပါပူအာ ဒေသအနီး ပင်လယ်ပြင်တွင် မေလ ၃၁ ရက်က ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့မှ သင်္ဘောများကို ရေပိုင်နက်အတွင်း တရားမဝင်ငါးခိုးဖမ်းနေသည်ဟု သံသယဖြင့် အင်ဒိုရေတပ်က ဖမ်းဆီးလိုက်သည်။

ပြည်တွင်းသတင်းမီဒီယာများတွင် ဖော်ပြချက်အရ ယင်း သင်္ဘောများကို ကြားဖြတ် မတားဆီးမီ အင်ဒို ရေတပ်သင်္ဘောက သတိပေး ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။ ယင်းနောက်ပိုင်း အဆိုပါ သင်္ဘောများကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာတွင် ဖိလစ်ပိုင်သင်္ဘောပေါ်တွင် အင်ဒို နိုင်ငံသားတစ်ဦး နှင့် ဗီယက်နမ်သင်္ဘောပေါ်တွင် လူ ၁၃ ဦး တို့ကို ထိန်းသိမ်းထားခဲ့သည်။

ငါးခိုးဖမ်းသည်ဟု သံသယရှိခဲ့သော်ငြားလည်း ယင်းသင်္ဘော နှစ်စီးစလုံးပေါ်တွင် ငါးများကို တွေ့ရှိရခြင်းမရှိကြောင်း နိုင်ငံပိုင်သတင်းစာ Antara က ဖော်ပြသည်။ သို့သော် ဗီယက်နမ်သင်္ဘောပေါ်တွင်မူ သခွားသီး တန်ချိန် ရှစ်တန် တင်ဆောင်လာသည်ကိုတွေ့ရှိရပြီး ယင်းတို့ကို အနီးအနား ကျွန်းများပေါ်မှ ယူဆောင်လာသည်ဟု ယူဆထားသည်။

အဆိုပါ သင်္ဘောနှစ်စီးစလုံးတွင် အင်ဒိုရေပိုင်နက်တွင်းသို့ ဝင်ရောက်ရန်လိုအပ်သော အထောက်အထား စာရွက်စာတမ်းများပါမလာခြင်းကြောင့် အင်ဒိုအာဏာပိုင်များက ၎င်းရေယာဉ်အမှုထမ်းများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

အင်ဒို ရေတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း နာတူဒါ ကျွန်း အနီး ရေပြင်သို့ ခိုးဝင်လာခဲ့သော တရုတ် သင်္ဘောတစ်စီးကိုလည်း ဖမ်းဆီးခဲ့ခြင်းကြောင့် တရုတ်နှင့် ဆက်ဆံရေး တင်းမာမှုများ ဖြစ်ပေါ်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly