ဖျာပုံ ခရိုင်တွင် ဖမ်းမိသော လှေစီးဒုက္ခသည်များကို ယခုတစ်ပတ်အတွင်း လွွှဲပြောင်းမည်

ဖျာပုံ ခရိုင်တွင် ဖမ်းမိသော လှေစီးဒုက္ခသည်များကို ယခုတစ်ပတ်အတွင်း လွွှဲပြောင်းမည်

ရန်ကုန်၊ဇူလိုင် ၆ ။.         ။ ဖျာပုံ ခရိုင်အတွင်း ဖမ်းဆီးမိပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၃၇ တွင်း ထားရှိထားသော လှေစီးဒုက္ခသည် ငါးရာကျော်ကို ယခုတစ်ပတ်အတွင်း ပြန်လည် လက်ခံရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက  အကြောင်းပြန်ကြားချက် ရရှိထားပြီး ဖြစ်သည်ဟု ရခိုင်ပြည်နယ် လ.ဝ.က ဦးစီးမှူး ဦးခင်စိုးကပြောသည်။

မေ ၂၉ ရက်က ဧရာဝတီတိုင်း ဖျာပုံ ခရိုင်အတွင်း ဖမ်းဆီးမိသောလှေစီးဒုက္ခသည် များကို ရခိုင်ပြည်နယ် နယ်စပ်ခြံစည်း ရိုး အနီး မိုင်တိုင် ၃၇ တွင် ထားရှိစစ်ဆေးနေခြင်းဖြစ်ပြီး ပြန်လည် ခေါ်ယူတော့မည် ဖြစ်သည်။

ဦးခင်စိုးက "နေ့ရက် အတိအကျ မပြောနိုင်သေးဘူး၊ ပြည်နယ် အစိုးရ အဖွ့ဲအစည်းအဝေးမှာ နယ်စပ်ရေးရာ ဝန်ကြီး ရဲ့ဆွေးနွေးချက်အရ သိရတာဖြစ်ပါတယ်"ဟု ပြောသည်။

ဖျာပုံခရိုင်အတွင်း ဖမ်းဆီးမိသော ဒုက္ခသည်များကို  ဟိုင်းကြီးကျွန်းသို့ ပို့ဆောင်ထားခဲ့ရာမှ ဘင်္ဂလားဒေ့ရှ်သို့ လွဲပြောင်းရာတွင် လွယ်ကူရေးအတွက် ရခိုင်ပြည်နယ် သို့ပို့ဆောင်ထားခြင်းဖြစ်ပြီးရခိုင်ပြည်နယ်တွင် စစ်ဆေးမှုများပြုလုပ်နေသည် မှာတစ်လကျော် ကြာမြင့်ပြီဖြစ်သည်။

ဦးခင်စိုးက "ကောင်စစ်ဝန်ကလည်း အတည်ပြုပြီးဖြစ်တယ် ဒါကြောင့် မြန်မြန်လက်ခံပေးဖို့ ကျွန်တော်တို့ နှစ်ကြိမ် သုံးကြိမ်လောက် ဆက်သွယ်ပြီးပြောခဲ့တယ်"ဟု ပြောသည်။

ဧရာဝတီတိုင်းတွင် ဖမ်းဆီးမိသော ဒုက္ခသည် ၇၃၃ ယောက်အနက် ၁၈၆ ယောက်မှာ မြန်မာဘက်အခြမ်းမှဖြစ်ပြီး ၎င်းတို့ကို မူလ နေရာများသို့ ပို့ဆောင်ပြီးဖြစ်သည် ဟုလည်း ဦးခင်စိုးက ဆိုသည်။

မိုင်တိုင် ၃၇ ယာယီ စိစစ်ရေးစခန်းတွင် ထားရှိသည့် ၅၅၇ ယောက်မှ ဘင်္ဂလားဒေ့ရှ် ဘက်အခြမ်းဘက်မှ ဖြစ်သည် ဟု ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန် က အတည်ပြုပြီး သက်ဆိုင်ရာ အစိုးရက ကိုယ်ရေး အချက်အလက်များကို တိုက်ဆိုင် စစ်ဆေးနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly