ရင်းနှီးမြုပ်နှံလုပ်ကိုင်ခွင့် စောင့်ဆိုင်းနေသည့် ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်း ၁၀၀ နီးပါးရှိနေ

ရင်းနှီးမြုပ်နှံလုပ်ကိုင်ခွင့် စောင့်ဆိုင်းနေသည့် ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်း ၁၀၀ နီးပါးရှိနေ
 ဗီယက်နမ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောက်လုပ်သည့် မြန်မာပလာဇာ ဆောက်လုပ်ရေး လုပ်ငန်းခွင်။မဇ္ဈိမ

မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံရန် မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင် MIC ၏ ခွင့်ပြုချက်ချထားပေးရေး စောင့်ဆိုင်းနေသည့် အဆိုပြုထားသော ကုမ္ပဏီပေါင်း ၉၈ ခုရှိကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က မေ ၃၁ ရက်၌ ဆင်ဟွာသတင်းဌာနသို့ ပြောသည်။

MIC ကို အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေချိန် ရင်းနှီးမြုပ်နှံနိုင်ရေးအတွက် အဆိုပြုထားကြသည့် ကုမ္ပဏီများမှာ ပြည်တွင်း ကုမ္ပဏီ ၅၀ နှင့် ပြည်ပကုမ္ပဏီပေါင်း ၄၈ ခုရှိနေသည်။

"နှစ်လအတွင်းမှာ ပြည်ထောင်စုဝန်ကြီးတွေ ဦးဆောင်မှုနဲ့ MIC ကို အဖွဲ့ဝင်ကိုးဦးနဲ့ အသစ်ပြင်ဆင်ဖွဲ့စည်းသွားဖို့အတွက် ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။"ဟု ဦးဆန်းမြင့်က ပြောသည်။

ယခုရင်းနှီးမြုပ်နှံမှုရရန် အဆိုပြုလျှောက်ထားရာတွင် အများစုက အထည်ချုပ်လုပ်ငန်းနှင့် ငါးလုပ်ငန်းများတွင် ဖြစ်ကြသည်။ ထိုအပြင် စင်ကာပူကုမ္ပဏီတစ်ခုက မန္တလေးတိုင်းဒေသကြီးတွင် ဆိုလာစွမ်းအင်ထုတ်လုပ်ရေးအတွက် ရင်းနှီးမြုပ်နှံသွားရန် အဆိုပြုထားကြောင်း သိရသည်။

အဆိုပြုလျှောက်ထားမှုအများစုက တရုတ်၊ ဟောင်ကောင်နှင့် စင်ကာပူနိုင်ငံတို့မှ ကုမ္ပဏီလုပ်ငန်းအများစုဖြစ်သည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုဥပဒေသစ်အား လွှတ်တော်က မကြာမီပြဌာန်းနိုင်မည်လည်း မျှော်လင့်ရသည်။

နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုသည် ပြီးခဲ့သည့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ ၉ ဒဿမ ၅ ဘီလီယံရှိခဲ့ပြီး ယခု ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ဒေါ်လာ ၈ ဘီလီယံရရှိရန်   မျှော်မှန်းထားသည်။

တရားဝင်စာရင်းများအရ မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၆ ခုနှစ် မတ်လအထိ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၆၃ ဒဿမ ၇၁၈ ဘီလီယံရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly