ထုတ်ဆယ်ကယ်တင်ရေး ကမ်းလှမ်းချက်များကို ဂရိမဲဆန္ဒရှင်များက ပယ်ချ

ထုတ်ဆယ်ကယ်တင်ရေး ကမ်းလှမ်းချက်များကို ဂရိမဲဆန္ဒရှင်များက ပယ်ချ

အေသင်၊ ဇူလိုင်-၆ ။      ။ ဂရိမဲဆန္ဒရှင်များက နိုင်ငံတကာ ထုတ်ဆယ်ကယ်တင်ရေး အကူအညီ၏ စည်းမျဉ်းစည်းကမ်းများ ကို ပြတ်ပြတ်သားသားပင် ငြင်းပယ်ခဲ့ကြသည်။

ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် မဲဆန္ဒခံယူပွဲ နောက်ဆုံးရလဒ်တွင် မဲဆန္ဒရှင် ၆၁.၃ရာခိုင်နှုန်းက  ကန့်ကွက်ခဲ့ကြပြီး ၃၈.၇ရာခိုင်နှုန်းကသာ ထောက်ခံခဲ့ကြသည်။

ထုတ်ဆယ်ကယ်တင်ရေး စည်းမျဉ်းစည်းကမ်းများမှာ ရှက်ဖွယ်လိလိဖြစ်သည်ဟုဆိုကာ ဂရိ၏ အာဏာရပါတီ ဆိုင်ရီဇာ (Syriza) က ကန့်ကွက်မဲပေးကြရန် ဆော်အောစည်းရုံးနေခဲ့သည်။ ၎င်းတို့၏ အတိုက်အခံများကမူ မဲဆန္ဒခံယူပွဲရလဒ်ကြောင့် ဂရိကု ယူရုဇုန်မှ ပယ်ထုတ်ခံရနိုင်ကြောင်းနှင့် ယူရိုဇုန် နိုင်ငံအကြီးအကဲများ၏ ညီလာခံကို အင်္ဂါနေ့တွင် ကျင်းပရန် ခေါ်ယူထားသည်။

ဂရိဝန်ကြီးချုပ် အလက်ဇစ် ဇီပရပ်စ်ကမူ ဂရိနိုင်ငံသားများမှာ စည်းလုံး၍ ဒီမိုကရေစီပြည့်ဝသော ဥရောပအတွက် မဲပေးခဲ့ ကြခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ''မနက်ဖြန်မှာတော့ ဂရိဟာ စေ့စပ်ညှိနှိုင်းရေးစားပွဲဆီ ပြန်သွားမှာပါ။

ကျွန်တော်တို့ရဲ့ အဓိကဦးစားပေးက နိုင်ငံရဲ့ ဘဏ္ဍာရေးတည်ငြိမ်မှုကို နဂိုအနေ ပြည်လည်ထိန်းသိမ်းဖို့ပါပဲ''ဟု ဇီပရပ်စ်က ရုပ်သံမိန့်ခွန်းတစ်ခုတွင် ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဂရိတို့က ကြွေးကို ပြည်လည်ပုံစံထုတ်ရန်မှာ လိုအပ်သည်ဟု မြင် ကြကြောင်း ယခုရက်သတ္တတ်တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့၏ အကဲဖြတ်ချက်တွင် အတည်ပြု ခဲ့ကြောင်းနှင့် ယခုအကြိမ်တွင် ကြွေးမှာ စေ့စပ်ညှနှိုင်းရေးစားပွဲပေါ်သို့ ရောက်ရှိလာလိမ့်မည်ဖြစ်ကြောင်း ဇီပရပ်စ်က ထပ်လောင်းပြောကြားခဲ့သည်။

သို့ရာတွင် ယူရိုဇုန်အဖွဲ့ဝင်တစ်ချို့ကမူ ကန့်ကွက်မှုကို ကြွေးရှင်နိုင်ငံများနှင့် ဆွေးနွေးပွဲများကို လုံးဝပယ်ချမှုအဖြစ် ယူဆနိုင်ကြောင်း ပြောကြားကြသည်။

ယူရိုဇုန် ဘဏ္ဍာရေးဝန်ကြီးများအုပ်စု၏ အကြီးအကဲ ဂျရုန်း ဒီဇယ်ဘလိုအမ်ကမူ မဲဆန္ဒခံယူပွဲရလဒ်မှာ ဂရိ၏ အနာဂတ် အတွက် နောင်တရစရာကောင်းလှသည်ဟု ပြောကြားခဲ့သည်။ ဂျာမနီ ဒုဝန်ကြီးချုပ် ဆစ်ဂမာ ဂါဘရီယယ်ကလည်း ဂရိနှင့် စေ့စပ် ညှနှိုင်းမှုများ ပြန်လည်စတင်ရန်မှာ စဉ်းစားရန်ပင် ခက်သွားပြီဟု ပြောကြားခဲ့သည်။ မစ္စတာ ဇီပရပ်စ်နှင့် ၎င်း၏အစိုးရမှာ ဂရိနိုင်ငံ ကို ခါးသီးသည့် ဥပေက္ခာနှင့် မျှော်လင့်ချက်မဲ့သည့် လမ်းကြောင်းပေါ် ဆွဲခေါ်သွားနေသည်ဟုလည်း ၎င်းက Tagessspiegel နေ့စဉ်သတင်းစာသို့ ပြောကြားခဲ့သည်။

ကန့်ကွက်သူများနှင့် စခန်းချပါတီပွဲကို ယခုညတွင် ဆင်နွှဲဖွယ်ရှိပြီး၊ အစိုးရကလည်း ဂရိရိုးရာအရက်ပုလင်းကို အောင်ပွဲခံ ဖွင့်လှစ် ဖွယ်ရာရှိနေသည်။ ဇီပရပ်စ်ကမူ ယူရိုဇုန်၏ မျက်နှာဖုံးကွာကျသွားပြီဟု ပြောကြားခဲ့သည်။

သို့ရာတွင် အောင်ပွဲခံမှုမှာ တာရှည်ခံမည့်ပုံမပေါ်ပါ။ ဖြစ်ပေါ်ပြောင်းလဲမှုများနှင့် ပတ်သက်၍ စိတ်မချမ်းမြေ့ဖြစ်နေကြသည့် ဂရိနိုင်ငံသား အများအပြားပင်ရှိရာ အစိုးရအနေဖြင့် ကွဲပြားနေသည့် နိုင်ငံကို ပြည်လည်စည်းလုံးရဦးမည်ဖြစ်သည်။ ယူရိုဇုန်နှင့် သဘောတူညီချက်ကိုလည်း အမြန်ဆုံးရအောင် ယူရဦးမည်။

ဂရိဘဏ်များမှာ စိုးရိမ်ဖွယ်ရာ နိမ့်ပါးသောငွေကြေးဖြင့်သာ လည်ပတ်နေကြရာ၊ ဥရောပဗဟိုဘဏ်မှ နောက်ထပ် အရေးပေါ် ရံပုံငွေ ထိုးထည့်ပေးဖို့ လိုအပ်နေသည်။ 

ပြီးခဲ့သည့် ရက်သတ္တနှစ်ပတ်က ဆိုးရွားခဲ့သည့် အခြေအနေများအရ ဂရိဘဏ္ဍာရေးဝန်ကြီး ယာနစ် ဗရူဖားကစ်က ယူရိုဇုန်၏ မဟာဗျူဟာကို အကြမ်းဖက်မှုဟု ခေါ်တွင်လလိုက်ပြီး၊ စေ့စပ်ညှနှိုင်းရေးစားပွဲသို့ ပြန်လည်ရောက်ရှိရန် ခက်ခဲလိမ့်မည်ဟု ပြော ကြားခဲ့သည်။

မတည်ငြိမ်မှုများကြားတွင် ဘဏ်များ အကျပ်အတည်းတွေ့နေပြီး၊ အခွန်ဝင်ငွေမှာလည်း ထိုးဆင်းနေရာ ဂရိစီးပွားရေးမှာ ပိုမိုအား နည်းလာသောကြောင့် ယူရိုဇုန်နှင့် သဘောတူညီချက်ရရန်မှာလည်း ပိုမိုခက်ခဲလာရသည်။  

ဂရိအစိုးရအာဏာပိုင်များကမူ ထုတ်ဆယ်ကယ်တင်ရေးစည်းမျဉ်းများကို ပယ်ချလိုက်ခြင်းက ၎င်းတို့ကို ပိုမိုထိရောက်စွာ လှုပ်ရှား လာစေနိုင်ပြီး စေ့စပ်ညှနှိုင်းမှုများ ပြန်လည်စတင်သည့်အခါတွင် အသစ်အသစ်သော ရံပုံငွေထောက်ပံ့မှုများအတွက် သဘော တူညီချက်ကို အလျင်အမြန်ရယူနိုင်စွမ်းရှိသည်ဟု ပြောကြားနေကြသည်။ 

ကန့်ကွက်မဲပေးမှုနှင့်အတူ ဂရိဘဏ်များ ဇူလိုင်လ ၇ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဟု ဘဏ္ဍာရေးဝန်ကြီး ယာနစ် ဗရူဖားကစ် က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly