အသံချဲ့စက်ဖွင့်တာ ရပ်ကွက်ဓမ္မာရုံအပြင် အလှူခံကားတွေလည်း ပါပါတယ်

အသံချဲ့စက်ဖွင့်တာ ရပ်ကွက်ဓမ္မာရုံအပြင် အလှူခံကားတွေလည်း ပါပါတယ်

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်မျာနေတဲ့ မခင်ဦးမေက မဇ္ဈိမ စာဖတ်သူကဏ္ဍကို မေးလ်နဲ့ စာတစ်စောင် ပေးပို့လာပါတယ်။ သူ့စာထဲမှာ ရေးထားတာကတော့ သူဟာ ရန်ကုန်တက္ကသိုလ်က ဘွဲ့ရခဲ့ပြီး အိမ်မှာပဲ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦး ဖြစ်လို့ စာဖတ်ဝါသနာပါပြီး နေ့စဉ်ထုတ် သတင်းစာနဲ့ အပတ်စဉ်ထုတ် ဂျာနယ်တွေကို အမြဲဖတ်ရှုသူ တစ်ဦး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်က သတင်းစာတစ်စောင်မှာ အသံချဲ့ချက် အသုံး ပြုတာနဲ့ ပတ်သက်လို့ ခွင့်ပြုချက်ယူပြီး သတ်မှတ်ချိန်အတွင်းသာ ဖွင့်ရမယ်ဆိုတာကို ဖတ်မိတဲ့အ တွက် ဒီကိစ္စနဲ့ပတ်သက်ပြီး ခံစားနေရတဲ့ ပြည်သူတစ်ဦးရဲ့ ခံစားချက်ကို တင်ပြလိုတာကြောင့် ရေးသားပေးပို့ခဲ့တာကို ဖော်ပြပေးစေလိုပါတယ်လို့ ပြောပါတယ်။

သတင်းစာထဲမှာ အသံချဲ့စက် အသုံးပြုလိုပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှာ သုံးရက်ကြိုတင် လျှောက်ထားရမည်ဖြစ်ပြီး သတ်မှတ်ချိန်အတွင်းသာ ဖွင့်ခွင့်ရမယ်လို့ ရန်ကုန်တိုင်းဒေ သကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက ပြောကြားတယ်လို့ ဖတ်လိုက်ရပါတယ်။ ဝန်ကြီးက ခွင့်ပြုချက်မရှိဘဲ အသံချဲ့စက် ဖွင့်သူ သို့မဟုတ် စည်းကမ်းဖောက်ဖျက်သူကို အရေးယူဆောင်ရွက်ရန် ညွှန်ကြားထားပြီး သက်ဆိုင်ရာ တရားရုံးမှာလည်း တရားစွဲဆိုဆောင်ရွက်ဖို့ ညွှန်ကြားထားပြီးဖြစ် ကြောင်း ပျော်ပွဲရွှင်ပွဲများ၊ အလှူပွဲများ၊ တရားပွဲများ ကျင်းပပြုလုပ်ပါက ပွဲမိန့်၊ ဆိုင်းမိန့်များနဲ့ သက်ဆိုင် ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရဲ့ ထောက်ခံချက်၊ သက်ဆိုင်ရာ ရဲစခန်းရဲ့ လုံခြုံရေး ထောက်ခံချက်၊ မြို့နယ်ရဲ့ ထောက်ခံချက်များဖြင့် ခွင့်ပြုပေးလျက် ရှိတယ်ဆိုတာ ဖတ်လိုက်ရလို့ အသံချဲ့စက်ဒဏ် ခံစားနေရတဲ့ ပြည်သူတစ်ဦးအနေနဲ့ ထောက်ခံကြိုဆိုပါတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မြန်မာတွေ ထုံးစံအတိုင်း ဥပဒေလွတ်ရုံး ခွင့်ပြုချက်တင်ပြီး လုပ်ချင်သလိုလုပ်ကြ တာကို ပြောချင်လို့ ဒီစာကို ရေးခဲ့တာပါလို့ ပြောပါတယ်။ ကျောက်တံတားမြို့နယ်ထဲက လမ်းတိုင်းမှာ ဓမ္မာရုံတွေ ရှိပါတယ်။ အထူးပြောရရင် ဝါတွင်းကာလမှာ ဥပုသ်နေ့မတိုင်ခင် အဖိတ်နေ့ကတည်းက ဓမ္မာရုံမှာ အသံချဲ့စက် အကျယ်ကြီး ဖွင့်ပါတယ်။ တခြားရက် တစ်ရက်ရက်မှာလည်း ဆွမ်းလောင်းရက် သတ်မှတ်ပြီး ဆွမ်းလောင်းရက်မတိုင်ခင် တစ်ရက်မှာရော၊ ဆွမ်းလောင်းတဲ့ မနက် ၄ နာရီလောက်က တည်းကရော အသံချဲ့စက်ကို အကျယ်ကြီး ဖွင့်ကြပါတယ်။ ရန်ကုန်မြို့ထဲက လမ်းတွေဟာ အထပ် မြင့် တိုက်ခန်းတွေဖြစ်ပြီး လမ်းတွေကလည်း ကျဉ်းမြောင်းတဲ့အတွက် အသံပဲ့တင်သံဖြစ်လို့ ဆင်ခြေဖုံး ရပ်ကွက်တွေမှာ ဖွင့်တာထက် ပိုပြီး အသံကျယ်တယ်လို့ ဆိုပါတယ်။ အသံချဲ့စက်ကို ကြားလောက်ရုံ ဖွင့်တာ၊ တော်သင့်ရုံဖွင့်တာ မဟုတ်ဘဲ အကျယ်ဆုံးအထိ ဖွင့်တဲ့အတွက် ကျန်းမာရေးမကောင်းသူ၊ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေမှာ ထိခိုက်နစ်နာရတဲ့အပြင် ကျောင်းသူကျောင်းသားနဲ့ ရုံးသမားတွေမှာလည်း အိပ်ရေးပျက်၊ စာကျက်မရတဲ့ဒဏ်ကို ခံစားကြရတယ်လို့ ပြောပါတယ်။

အသံချဲ့စက်ကို သာမာန်အားဖြင့် နံနက် ၆ နာရီကနေ ည ၉ နာရီအထိ ခွင့်ပြုနိုင်တယ်ဆိုပေ မယ့် မလိုအပ်ဘဲ ခွင့်ပြုချိန်တစ်ချိန်လုံး ဖွင့်ဖို့ မဟုတ်ဘဲ လိုအပ်တဲ့အချိန်သာ ဖွင့်စေချင်ပါတယ်။ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးနည်းဥပဒေမှာ အများပြည်သူ အနှောက်အယှက် မဖြစ်စေရန်အတွက် ခွင့်ပြုဖို့ ပြဌာန်းထားတာကို ရပ်ကွက်အုပ်ချုပ်ချုပ်ရေးမှူးများအနေနဲ့ ထိရောက်စွာ အရေးယူပေးစေလို ပါတယ်။ ဒါ့အပြင် လမ်းထဲ၊ ရပ်ကွက်ထဲကို မကြာခဏ လာရောက် အလှူခံတဲ့ ကားတွေရဲ့ အသံချဲ့ စက် ဖွင့်တာကိုလည်း တားဆီး အရေးယူပေးစေလိုပါတယ်လို့ ပြောပါတယ်။ မနက် ၆ နာရီလောက်က တည်းက ဘယ်က ညာကဆိုပြီး သာသနာကို အကြောင်းပြု အလှူခံသလို မိဘမဲ့ ကလေးတွေ ပညာ သင်ဖို့ ကျွေးမွေးဖို့ဆိုပြီး အသံချဲ့စက်နဲ့ အလှူခံတွေ ရှိပါတယ်။ တစ်နေရာမှာ တစ်နာရီမက ရပ်ပြီး အလှူခံတာတွေကြောင့် ရပ်ကွက်နေပြည်သူတွေမှာ ကားမထွက်မချင်း စိတ်ညစ်ရပါတယ်။ တကယ် ဆို ဒီအလှူခံတွေကလည်း မြို့နယ်နဲ့ ရဲစခန်း ခွင့်ပြုချက်ယူပြီးမှ အလှူခံခွင့် ရှိတာကို ခွင့်ပြုချက်မယူ ဘဲ လုပ်နေတာကို ရပ်ကွက်အုပ်ချုပ်ရေမှူးတွေအနေနဲ့ စစ်ဆေးသင့်ပါတယ်။ သူသိထားသလောက်က တော့ ရပ်ကွက်ထဲ၊ လမ်းထဲ အလှူခံကားလာရင် ဘယ်သူမှလည်း စစ်ဆေးတာ၊ မေးမြန်းတာ မလုပ် ကြပါဘူး။ အလှူခံတဲ့သူက အပြောကောင်းရင် ကောင်းသလို သူ့ထက်ငါ လှူကြတာကို ပီတိဖြစ်နေ ကြပြီး အလှူခံအစစ်အမှန် ဟုတ်မဟုတ် မဝေခွဲကြပါဘူး။ ပြောတဲ့သူကလည်း မိုက်ကို လက်ကမချ တမ်း ပြောနေတော့ ဆူညံတဲ့အသံနဲ့ ပတ်ဝန်းကျင် ထိခိုက်ရတာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေ နဲ့ သတိထားပြီး အရေးယူ ဆောင်ရွက်ပေးစေလိုတာကြောင့် မဇ္ဈိမ စာဖတ်သူကဏ္ဍမှတဆင့် တာဝန်ရှိ သူများသိအောင် ရေးသား ပေးပို့ခဲ့တာပါလို့ ရေးလာတဲ့ စာကို ဖော်ပြပါရစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly