ကျောက်မြောင်းမှာ ရေမလာတာ ကြာပါပြီ ဘယ်သူ့ကို ပြောရမှာလဲရှင်

ကျောက်မြောင်းမှာ ရေမလာတာ ကြာပါပြီ ဘယ်သူ့ကို ပြောရမှာလဲရှင်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၊ ကျောက်မြောင်းမှာနေတဲ့ မစိမ့်မို့မို့ ရေးလိုက်တဲ့ စာတစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံ ရရှိခဲ့ပါတယ်။ စာရေးခဲ့သူဟာ ဌာနတစ်ခုက ဝန်ထမ်းဖြစ်ပြီး သူနေတဲ့ ရပ်ကွက်မှာ သူအပါအဝင် ပြည်သူတွေ တွေ့ကြုံခံစားနေရတဲ့ ဒုက္ခအခက်အခဲကို မခံစားနိုင်တော့လို့ တာဝန်ရှိသူတွေသိအောင် ဖော်ပြပေးဖို့ စာဖတ်သူဏ္ဍကို စာရေးပေးပို့ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

သူနေထိုင်တဲ့ တာမွေမြို့နယ် ကျောက်မြောင်းလို့ခေါ်တဲ့ အရပ်မှာ ရေမလာတာ တစ်လနီးပါး ရှိပြီမို့ ပြည်သူတွေမှာ အခက်အခဲများစွာ ကြုံတွေ့နေကြရတယ်လို့ ဆိုပါတယ်။ အခုရေမလာတာတော့ မဟုတ်ပါဘူး။ အရင်ကတည်းကလည်း ရေက လာချင်တဲ့ရက်မှ လာပါတယ်။ ရေရတဲ့အချိန်ကလည်း ည ၁ နာရီ ၂ နာရီမှာ မအိပ်ဘဲ ရေစောင့်တင်ရပါတယ်။ ဒီလိုဖြစ်တာ နှစ်နဲ့ ချီနေပါပြီး။ ဒါပေမယ့် လာလိုက်မလာလိုက်နဲ့က သည်းခံလို့ ရပါသေးတယ်။ အခု မြေညီအထပ် အချို့မှာတောင် ရေလုံးဝ မရတာ ရက် ၂၀ ကျော်နေတဲ့ အိမ်ခန်းတွေ ရှိနေတယ်လို့ ရေးပါတယ်။

အခုတလော သတင်းစာ၊ ဂျာနယ်နဲ့ အင်တာနက်တွေမှာ မီးမလာလို့ လူတွေ အခက်အခဲဖြစ် တာ၊ ဒေါသဖြစ်တာတွေကို ကာတွန်းသရော်စာနဲ့ ဆောင်းပါးတွေ ရေးနေကြသလို ဖေ့စ်ဘုတ်မှာလည်း သူတို့ခံစားနေကြရတာကို ရေးနေကြတာ ဖတ်ရ၊ ကြည့်ရပါတယ်။ ကိုယ်တိုင်လည်း ခံစားနေရပေမယ့် မီးမလာတာ သက်ဆိုင်ရာ ဝန်ကြီးဌာနမှာ အခက်အခဲတွေ ရှိနေသေးလို့ အဆင်မပြေတာ၊ မကြာခဏ နေ့စဉ် မီးပျက်နေတာပါဆိုပြီး ဖြေတွေးလို့ ရပါတယ်။ ရေမလာတာကိုတော့ သည်းခံလို့ မရပါဘူး။ မီးမလာရင် ဖယောင်းတိုင်ထွန်း၊ မီးသွေးနဲ့ ချက်ပြီး နေလို့ရပေမယ့် ရေမလာတဲ့အခါ ချက်ပြုတ်ဆေး ကြောဖို့နဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် အညစ်အကြေးစွန့်ဖို့အတွက် ရေမရှိရင် လုံးဝ မဖြစ်ဘူး ဆို့ ပြောပါတယ်။ သူသိထားတာကတော့ ရေကိစ္စအတွက် စည်ပင်မှာ တာဝန်ရှိပါတယ်။ သူတို့ကောက် တဲ့ အခွန်အခမှန်သမျှကိုလည်း ပြည်သူတွေက ပေးဆောင်နေကြရတာပါ။ ရေမရှိလို့ ရေသန့်ဘူး ဝယ်ပြီး သုံးရတာ လခစားဝန်ထမ်းတွေအတွက် အလွန်ပဲ အခက်ကြုံရပါတယ်။ အထပ်မြင့်မှာနေတဲ့ သူတွေမှာ ပိုပြီး ဒုက္ခရောက်တာကို တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြည့်ရင် တွေ့မှာပါလို့ ရေးပါတယ်။

သတင်းစာ၊ ဂျာနယ်တွေထဲမှာ ရေမရတဲ့ အရပ်ဒေသတွေကို အလှူရှင်တွေ သွားရောက် လှူဒါန်းနေကြတာ တွေ့တော့ ရန်ကုန်မြို့ပေါ်မှာနေတဲ့သူတွေချင်းအတူတူ ရေအတွက် သောက ရောက်နေကြရတဲ့ ကျောက်မြောင်းက သူတို့ကိုလည်း လာလှူကြရင် ကောင်းမယ်လို့ တွေးမိပါသေး တယ်။ လှူတာရရင်လည်း ခဏပဲ အဆင်ပြေမှာပါ။ အမြဲရေရအောင် လုပ်ပေးစေချင်ပါတယ်။ သူနေတဲ့ ကျောက်မြောင်း မဂ္ဂင်လမ်းက အခြားလမ်းတွေထက် ရေမရတာ ပိုဆိုးပါတယ်။ ညသန်းကောင်အထိ မအိပ်ဘဲ ရေတင်ရတာက နေ့စဉ် ဖြစ်နေတော့ ပြည်သူတွေမှာ ကျန်းမာရေး ထိခိုက်ရတဲ့အတွက် လုပ်ငန်းခွင်မှာ အဆင်မပြေမှုတွေ ကြုံတွေ့ရပါတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် နိုင်ငံတိုးတက်ဖို့ ပြည်သူတွေ အဆင်ပြေအောင် ပြုလုပ်ပေးစေချင်ပါတယ်။ သူနေတဲ့ လမ်းရေမရတာက အရင်အစိုးရ လက်ထက်မှာကတည်းက ဖြစ်ပြီး အခု ပြောင်းလဲသွားတဲ့ အစိုးရလက်ထက်မှာ ကျောက်မြောင်းက ပြည်သူတွေ ရေအခက်အခဲ ဖြစ်နေတာကို ဆောင်ရွက်ပေးစေလိုတာကြောင့် စာရေးပေးပို့ခဲ့တာကို ဖော်ပြပေးစေလိုပါတယ်လို့ ရေးသား ပေးပို့ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly