စေတနာနှင့် အဂတိလိုက်စားမှု ကင်းခြင်းသည်သာ ပဓာန

စေတနာနှင့် အဂတိလိုက်စားမှု ကင်းခြင်းသည်သာ ပဓာန

နိုင်ငံတစ်ခုကို စီမံကွပ်ကဲ ဆောင်ရွက်ရသည်မှာ လွယ်ကူသောကိစ္စတော့ မဟုတ်ချေ။ ထို့ပြင် အစစအရာရာ ပျက်စီးချွတ်ခြုံကျနေသော နိုင်ငံတစ်ခုကို စီမံကွပ်ကဲပြီး တိုးတက်အောင် ဆောင်ရွက် ရသည်မှာ ပို၍ပင် ခက်ခဲပါလိမ့်မည်။

ဆိုလိုသည်မှာ အစိုးရသစ်သက်တမ်း နှစ်လအတွင်း ပြဿနာပေါင်းစုံ ကြုံတွေ့ဖြတ်သန်းနေရသည့် အစိုးရသစ်တစ်ုခု၏ လက်ရှိအခြေအနေအပေါ် မူတည်ပြီး အထက်ပါအတိုင်း ကောက်ချက် ချလိုက်ခြင်း ဖြစ်သည်။

သည်နေရာတွင် ကြုံတွေ့ရသည့် ပြဿနာများကို နှစ်မျိုးနှစ်စား ခွဲပြီးကြည့်လို့ ရမည်ထင်ပါသည်။ ပထမအမျိုးအစားမှာ သဘာဝကျကျ ကြုံတွေ့ရသည့် ပြဿနာဖြစ်ကြပြီး နောက်တစ်မျိုးမှာ သဘာဝအရမဟုတ်ပဲ မရိုးမသား မသမာသူများကြောင့် ကြုံတွေ့ရသည့် ပြဿနာများ ဟူ၍ဖြစ်သည်။ သို့သော် မည်သို့သော ပြဿနာ အမျိုးအစားပင်ဖြစ်ပစေ အစိုးရတစ်ရပ်အနေနှင့်တော့ ပထမအမျိုးအစားရယ် ဒုတိယအမျိုးအစားရယ်လို့ ခွဲခြားသတ်မှတ်ကာ ရှောင်ထွက်သွားလို့ ရသည်တော့ မဟုတ်ချေ။ မလွဲမသွေ ရင်ဆိုင်ဖြေရှင်းသွားကြရမည်မှာ သေချာသည်။

ပထမအမျိုးအစားဖြစ်သည့် ပြဿနာများမှာ သဘာဝကျသည့် ပြဿနာများဖြစ်သည်ဟု ဆိုခဲ့ပါသည်။ ဥပမာ သဘာဝ ဘေးဥပါဒ်အန္တရာယ် ကျရောက်ခြင်း၊ ပြည်သူတွေ ဆင်းရဲတွင်း ကျရောက်နေခြင်း၊ ပညာရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်း ခက်ခဲခြင်း၊ လူအများ စိတ်ဓာတ်ပျက်ပြား နိမ့်ဆင်းလာနေခြင်း အစရှိသည့် အခြေခံပြဿနာများ ဖြစ်သည်။

ဒုတိယအမျိုးအစားမှာ အစိုးရအဖွဲ့ လုပ်ငန်းများ အောင်မြင်ချောမွေ့အောင် ဆောင်ရွက်လို့မရစေရန် သွေးထိုးမြှောက်ပင့်မှုကြောင့် ဖြစ်ပေါ်လာရသည့် လူမျိုးရေး၊ ဘာသာရေး ပွတ်တိုက်မှုများ၊ အစိုးရ အပေါ် အထင်အမြင် လွဲမှားစေရန် ဖန်တီးသည့် အဖျက်လုပ်ငန်းများပင် ဖြစ်သည်။ သည်အထဲတွင် အစိုးရတာဝန်ရှိသူများကို အကျင့်ပျက်ပြားအောင် လုပ်သည့် လာဘ်ပေးမှု၊ ခြိမ်းခြောက်မှုနှင့် သွေးခွဲသွေးထိုးမှုများလည်း ပါဝင်ပါသည်။

ဥပမာအနေနှင့်ပြောရလျင် အစိုးရသစ် တက်လာကာစ တစ်တိုင်းပြည်လုံးသိသည့် သိန်း ၅၀ လာဘ်ထိုးဖို့ ကြိုးစားသည့်ဖြစ်ရပ်များ၊ ရခိုင်ပြည်နယ်အတွင်းက လူမျိုးရေး ဘာသာရေး ပွတ်တိုက်အောင် သွေးထိုးလှုံ့ဆော်မှုများ၊ တိုင်းနှင့်ပြည်နယ်အချို့က လက်နက်ကိုင်ပဋိပက္ခများ ဖြစ်သည်။ သည်ပြဿနာများမှာ အစိုးရသစ်ကို အားစမ်းသော အစိုးရသစ်ကို တွန်းချဖို့ကြိုးစားသော အစိုးရသစ်ကို အကြပ်အတည်းဖြစ်စေသော တွန်းအားများဖြစ်သည်။

သည်လိုအခြေအနေများအတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားသည့် အနေအထားအရ နယ်စပ်ရေးရာ ဝန်ကြီးဌာနလို ပြည်ထဲရေးဌာနလို ကာကွယ်ရေးဝန်ကြီးဌာနလို ဝန်ကြီးဌာန များမှာ ပြည်သူတို့ ရွေးချယ်တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များ၏ လက်ဝယ်တွင် မရှိသေးဘဲ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သည့် တပ်မတော်သားများ၏ လက်ဝယ်တွင်သာ ရှိနေသေးသည့် အတွက် သည်အခြေအနေများကလည်း အစိုးရသစ်တစ်ရပ်အတွက် ကွင်းလုံးကျွတ် ခွန်နှင့်အားနှင့် ဆောင်ရွက်လို့ မရနိုင်စေသည့် အခက်အခဲများ ဖြစ်စေနိုင်သည်ဟူသော ဝေဖန် မှုများလည်း ရှိနေပြန်သည်။

အစိုးရသစ်သည် အတွေ့အကြုံ နုနယ်သေးသည်မှာလည်း မှန်သည်။ ပြဿနာပေ်ါင်း သာင်းခြောက်ထောင်ကို ဒိုင်ခံဖြေရှင်းနေရသည်လည်း မှန်သည်။ နှစ်ပေါင်း ခြောက်ဆယ်အတွင်း ဘုန်းဘုန်းလဲလုမတတ် ဆင်းရဲမွဲတေခဲ့ရသည့် တိုင်းပြည်တစ်ခုကို ပြန်လည်ခေါင်းမော့လာစေရေး ကြိုးပမ်းနေရသည်မှာလည်း မှန်သည်။ သဘာဝကျသည့် အခက်အခဲနှင့် သဘာဝအရမဟုတ်သော အဖျက်အဟန့်ကြောင့် ဖြစ်ရသည့်ပြဿနာများကိုလည်း ရင်ဆိုင်ကျော်လွှားနေရသည်မှာလည်း မှန်သည်။

သည်လို အခက်အခဲများ ကြုံတွေ့ဖြေရှင်းကြိုးပမ်းနေရသည် မှန်သော်ငြား အစိုးရသစ်သည် ပြည်သူတို့ ယုံကြည်စွာ တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များ ပီသစွာ ပြည်သူ့အကျိုး တိုင်းပြည်အကျိုး မျက်နှာတစ်ခုတည်းကိုပဲ ကြည့်ကာ အရိုးသားဆုံး ကိုယ်ကျိုးမဖက်သည့် အဂတိကင်းရှင်းသည့် ဝိသေသလက္ခဏာများဖြင့် သည်အတိုင်း ဆက်လက်ရပ်တည် သွားမည် ဆိုပါက နောင်အနာဂတ်တွင် မိမိတို့တိုင်းပြည် ပြန်လည်စည်ပင် ဖွံ့ဖြိုးလာမည်ဟု မျှော်လင့်ရပါကြောင်း တင်ပြလိုက်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly