ရန်ကုန်တိုင်းက အမှန်တကယ်နေစရာမရှိသည့် ကျူးကျော်များကို နေစရာအပြင် အလုပ်ပါပေးမည်

ရန်ကုန်တိုင်းက အမှန်တကယ်နေစရာမရှိသည့် ကျူးကျော်များကို နေစရာအပြင် အလုပ်ပါပေးမည်
ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ကျီစုရပ်ကွက်အနီးရှိ ကျူးကျော်အိမ်များကို ၂၀၁၄ ဇန်နဝါရီက ဖျက်ဆီးနေသည့် မြင်ကွင်းတစ်ခု။ (ဓာတ်ပုံ-မဇ္ဈိမ)

ရန်ကုန်၊ မေ ၂၅ ။             ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အမှန်တကယ်နေစရာလိုအပ်နေသည့် ကျူးကျော်များကို နေစရာအပြင် အလုပ်ပါပေးကာ အကာအကွယ်ပေးပြီး ဝိသမလောဘဖြင့် မြေယာလူယူနေသူများကို ထိရောက်စွာ အရေးယူသွားမည်ဟု ဘူဒိုဇာအစိုးရမဖြစ်စေရဟု ကတိပေးထားသည့် ရန်ကုန် တိုင်းဝန်ကြီးချုပ်က ပြောသည်။

မေလ ၂၅ရက်နေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော် နေသူများ စာရင်းကောက်ယူရေး စီမံချက်နှင့် ပတ်သက်၍ ရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ရဲ့ ကူညီပံ့ပိုးပေးမှုဟာ နိုင်ငံသူနိုင်ငံသားတစ်ယောက်ရဲ့ တကယ်ကို အခက်အခဲဖြစ်မှုကိုပဲ ကူညီမှာပါ။ စီးပွားရှာဖို့အတွက် ဒီမှာ အခွင့်အလန်းမရှိနိုင်ဘူးလို့ ရှင်းရှင်းလင်းလင်းပဲ ပြောပါရစေ။ နောက်တစ်ခုက ဒီနေ့ ရှင်းလင်းနေမှုနဲ့အတူ ကျူးကျော်ဆောင်ရွက်နေမှုတွေကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ ဒီနေ့ရဲ့ ရှေ့မှာ ပေါ်ထွန်းလာမယ့် ကျူးကျော်နေထိုင်သူတွေကိုလည်း တည်ဆဲဥပဒေအရ ထိထိရောက်ရောက်အရေးယူမှာ ဖြစ်ပါတယ်" ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

"မြေလုတဲ့ကိစ္စကို ကျူးကျော်လို့ သတ်မှတ်မှာ မဟုတ်ပါဘူး" ဟု လည်း ၎င်းက ပြောဆိုလိုက်သည်။

ယင်းသို့ စာရင်းကောက်ယူ၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးရာတွင်လည်း မေလ ၂၅ ရက်အထိ ကျူးကျော်နေထိုင်ခဲ့သူများကိုသာ လုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းနောက်ပိုင်းအချိန် ကျူးကျော်သူများကို တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

စာရင်းကောက်ယူထားသည့် ကျူးကျော်နေထိုင်သူများအား နေစရာစီမံပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ကလေးငယ်များ၏ ပညာသင်ကြားမှု အတွက် စီစဉ်ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးသွား မည်ဖြစ်ပြီး နိုင်ငံတော်မှ တာဝန်ယူသွားမည်ဟုလည်းဆိုသည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးရေး စီမံကိန်း ကျူးကျော်နေထိုင်သူများစာရင်းကောက်ယူခြင်း စီမံချက်ကို တစ်လခွဲခန့် အချိန်ယူ ဆောင်ရွက်သွားကာ စာရင်းကောက်ယူရေး လုပ်ငန်းများကို တိုင်းဒေသကြီး နယ်လုံဝန်ကြီးက ဦးဆောင် ကြပ်မတ်သွားမည်ဖြစ်သည်။

ယခုကဲ့သို့ လုပ်ဆောင်ခြင်းမှာ အမှန်တကယ်နေထိုင်စရာမရှိသူများအတွက် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည့်အတွက် စာရင်းကောက်ယူရာတွင် စနစ်တကျ ကောက်ယူသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောသည်။

"အဓိကကတော့ ကျွန်တော်တို့လုပ်တာ အမှန်တကယ် နေစရာမရှိဘဲ ရိုးသားတဲ့ လူတွေအတွက် လုပ်တာ ဖြစ်ပါတယ်။ အဲ့အတွက် စာရင်းဇယားတွေ ကောက်ခံတဲ့နေရာမှာ တိတိကျကျကောက်ခံသွားမှာ ဖြစ်ပါတယ်။ အဲလိုကောက်ခံရင်းနဲ့မှ မရိုးသားတဲ့ ကိစ္စတွေ ဥပဒေနဲ့မညီတဲ့ ကိစ္စတွေ ပါလာရင် ထိထိရောက်ရောက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ဗိုလ်မှူးကြီးတင်အောင်ထွန်းက ထပ်လောင်း ပြောသည်။

စာရင်းကောက်ယူရာတွင် အဆင့်မြင့်နည်းပညာဖြင့် ကောက်ယူမှာဖြစ်ပြီး မှတ်ပုံတင်မလိုအပ်ဘဲ လူကိုသာ စစ်ဆေးသွားမည်ဟုလည်း ဝန်ကြီးချုပ်က ရှင်းပြသည်။

လက်ရှိကောက်ခံရရှိထားသည့် စာရင်းဇယားများအရ ရန်ကုန်တိုင်းဒေသကြီးခရိုင်(၄)ခုအတွင်း ကျူးကျော် အိမ်ခြေ တစ်သိန်းကျော်ရှိပြီး လူဦးရေ (၄)သိန်းဝန်းကျင် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly