မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် အကျင့်ပျက်ခြစားမှုဖြင့် တရားစွဲခံရဖွယ်ရှိနေ

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် အကျင့်ပျက်ခြစားမှုဖြင့် တရားစွဲခံရဖွယ်ရှိနေ

မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇက်မှာ ဒေါ်လာသန်းပေါင်းများစွာကို ကြွေးဝန်ပိနေသည့် နိုင်ငံတော်ရံပုံငွေမှတစ်ဆင့် ပုဂ္ဂလိက ဘဏ်စာရင်းထဲသို့ လွှဲပြောင်းယူခဲ့သည်ဟူသော စွပ်စွမှုများအပေါ် တရားစွဲဆိုမှုနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။ ဝန်ကြီးချုပ် နာဂျစ်ရာဇက်နှင့် ရင်းနှီးမြှုပ်နှံမှု ရံပုံငွေ 1MDBကြားတွင် အဆက်အသွယ်ရှိကြောင်း တွေ့ရှိထားသည့် တရားဝင် စုံစမ်းစစ်ဆေးမှုမှ မှတ်တမ်းမှတ်ရာများကို လက်ခံရရှိထားပြီဖြစ်ကြောင်း အစိုးရရှေ့နေချုပ်က ဇူလိုင်လ ၅ရက်နေ့နှောင်းပိုင်းတွင် အတည်ပြုခဲ့သည်။ မစ္စတာရာဇက်ကမူ အကျပ်အတည်းတွေ့နေသည့် နိုင်ငံတော်ရံပုံငွေအဖွဲ့ 1MDB ကို စုံစမ်းစစ်ဆေးမှုက ကန်ဒေါ်လာ သန်း၉၃၀နီးပါးမှာ သူပိုဆိုင်သည်ဟုယူဆရသည့် ဘဏ်စာရင်းအတွင်းသို့ ဝင်ရောက်သွားသည်ဟူသော တွေ့ရှိချက်မှာ သူ့ကို နိုင်ငံရေးအရ ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့သည်။ အကယ်၍ ဝေါစထရိဂျာနယ်တွင် ဖော်ပြလာခဲ့သည့် သတင်းသာ မှန်ကန်ခဲ့ပါက ရန်သူပတ်လည်ဝိုင်းနေသည့် ဝန်ကြီးချုပ်ကို အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များနှင့် ပထမဆုံးအကြိမ် တိုက်ရိုက် ချိတ်ဆက်လိုက်ခြင်းပင် ဖြစ်သည်။ ယခု ရှေ့နေချုပ်ထံ ပေးပို့လိုက်သည့် မှတ်တမ်းမှတ်ရာများက ရာဇဝတ်မှု စွဲချက်များအတွက် လမ်းဖွင့်ပေးလိုက်ခြင်းပင်ဖြစ်ပြီး၊ မလေးရှားခေါင်းဆောင်တစ်ယောက်အဖို့ ရာဇဝတ်မှု စွဲချက်များကို ရင်ဆိုင်ရသည်မှာ ဤအကြိမ်သည် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ မလိုလားသည့် ပုဂ္ဂိုလ်တစ်ချို့က စီးပွားရေးတွင် အယုံအကြည်ကင်းမဲ့သွားစေကာ၊ အစိုးရကို ဂုဏ်သိက္ခာ ကျဆင်းစေပြီး၊ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားသည့် ဝန်ကြီးချုပ်ကို ဖယ်ရှားရန် ကြိုးစားသည့် လုပ်ရပ်သာဖြစ်ကြောင်း မစ္စတာ နာဂျစ်၏ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်ဟောင်းတစ်ဦး၏ သားဖြစ်သည့် မစ္စတာ နာဂျစ်မှာ အတိုက်အခံများနှင့် ပါတီတွင်းမှ လာဘ်စားမှုနှင့် တလွဲစီမံခန့်ခွဲမှုစွဲချက်များဖြင့် အမြဲတစေတိုက်ခိုက်မှုကို ခံလာရ၍ အားနည်းနေခဲ့သော်လည်း မလေးရှားကို ကာလကြာရှည်စွာ အုပ်ချုပ်လာခဲ့သည့် ဘာရစ်ဆန် အမျိုးညွှန့်ပေါင်းအဖွဲ့ (BN)အတွင်းတွင်မူ ထောက်ခံမှုကို ထိန်းထားနိုင်နေစဲပင်ဖြစ်သည်။ မစ္စတာနာဂျစ်၏ ဆရာတစ်ဆူဖြစ်ခဲ့ပြီး ယခုထက်တိုင်လည်း သြဇာကြီးမားဆဲဖြစ်သည့် မလေးရှားခေါင်းဆောင်ဟောင်း မဟာသီရာ မိုဟာမက်ကမူ 1MDB အရှုပ်တော်ပုံကြောင့် မစ္စတာ နာဂျစ်အား ရာထူးမှဆင်းပေးရန် တောင်းဆိုခဲ့သည်။ ကန်ဒေါ်လာ ၁၁.၆ဘီလျံနီးပါး ကြွေးတင်နေပြီး၊ မစ္စတာနာဂျစ် ဥက္ကဋ္ဌ လုပ်နေသည့် အကြံပေးဘုတ်အဖွဲ့၏ စီမံခန့်ခွဲမှုအမှားများကြောင့်လည်း နိုငံတော်ရင်းနှီးမြှုပ်နှံမှု ရံပုံငွေအဖွဲ့ 1MDB မှာ ပြင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ မစ္စတာနာဂျစ်၏ ဘဏ်စာရင်းထဲသို့ ဝင်လာသည့် ငွေလွှဲမှု ၅ခုကို သံသယဝင်နေကြသည်။ ယင်းတို့အနက် အကြီးမားဆုံးဖြစ်သည့် ကန်ဒေါ်လာ သန်း၆၂၀နှင့် ၆၁သန်း ငွေလွှဲမှုနှစ်ခုကို ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ၂၀၁၃ခုနှစ် မတ်လတွင် 1MDBနှင့် ချိတ်ဆက်နေသည့် ကုမ္ပဏီများမှတစ်ဆင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ Ref: Smh.com.au

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly