လူရာကျော်သေဆုံးသည့် ဗုံးခွဲမှုများတွင် နိုင်ငံခြားတိုင်းပြည်များအား ဆီးရီးယားက ပြစ်တင်

လူရာကျော်သေဆုံးသည့် ဗုံးခွဲမှုများတွင် နိုင်ငံခြားတိုင်းပြည်များအား ဆီးရီးယားက ပြစ်တင်

ဒမတ်စကပ်၊ မေ ၂၄ ။              ။ ဆီးရီးယားနိုင်ငံ ဆိပ်ကမ်းမြို့များဖြစ်သည့် တာတော့နှင့် ဂျာဘလက်ရှ်တို့တွင် ဗုံးခွဲတိုက်ခိုက်မှုများဖြစ်ပွားရာ နောက်ကွယ်၌ တူရကီ၊ ကာတာနှင့် ဆော်ဒီအာရေဗျတို့ ပါဝင်နေကြောင်း ဆီးရီးယားအစိုးရက စွပ်စွဲလိုက်သည်။

တိုက်ခိုက်မှုများက အရှိန်မြှင့်လုပ်ဆောင်လာခြင်းဖြစ်ကာ ငြိမ်းချမ်းရေးကြိုးပမ်းမှုများအား လမ်းချော်စေကြောင်း နိုင်ငံပိုင်သတင်းဌာန ဆာနာတွင် ဖော်ပြခဲ့သည်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုများတွင် လူပေါင်း ၇၈ ဦးသေဆုံးကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြသော်လည်း စောင့်ကြည့်လေ့လာသူများက သေဆုံးသူဦးရေသည် ၁၄၅ ဦးအထိ တိုးလာပြီဖြစ်ကြောင်း ပြောသည်။

တိုက်ခိုက်မှုများကို ကျုးလွန်ကြောင်း အိုင်အက်စ်အဖွဲ့က ကြွေးကြော်သည်။

ဆီးရီးယားမြေထဲပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည့် ယင်းမြို့နှစ်မြို့သည် သမ္မတဘာရှာအာဆတ်၏ အမာခံနယ်မြေဖြစ်ကာ ပြည်တွင်းစစ်အဆိုးဆုံးအချိန်က ထွက်ပြေးတိမ်းရှောင်ခဲ့ရာ မြို့များလည်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂသို့ ပေးပို့သည့်စာတွင် ယခုဗုံးခွဲမှုများနှင့် ပတ်သက်ကာ နိုင်ငံခြားတိုင်းပြည်များဖြစ်သော ကာတာ၊ တူရကီနှင့် ဆော်ဒီအာရေဗျတို့၏ ဖျက်လိုဖျက်ဆီးလုပ်လိုသော တွန်းအားများပါဝင်ကြောင်း အပြစ်ဆိုထားသည်။

ကာတာ၊ တူရကီနှင့် ဆော်ဒီနိုင်ငံများက ဆီးရီးယားရှိ သူပုန်အုပ်စုများကို ထောက်ပံ့မှုများပေးနေသော်လည်း အိုင်အက်စ်ကိုတိုက်ခိုက်သည့် နိုင်ငံတကာညွန့်ပေါင်းတပ်များနှင့် ချိတ်ဆက်မှုရှိသည့် အုပ်စုများကိုသာ ထောက်ပံ့မှုပေးနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly