ရပ်/ကျေး အုပ်ချုပ်ရေးမှူးကို ၁၈ နှစ်နဲ့ ခန့်မယ်ဆိုတာ မူကြိုကလေးကို အလယ်တန်းစာ သင်ခိုင်းသလိုပါပဲ

ရပ်/ကျေး အုပ်ချုပ်ရေးမှူးကို ၁၈ နှစ်နဲ့ ခန့်မယ်ဆိုတာ မူကြိုကလေးကို အလယ်တန်းစာ သင်ခိုင်းသလိုပါပဲ
Photo - http://www.simon-vlog.com/

မဇ္ဈိမ စာဖတ်သူကဏ္ဍကို ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဒဂုံမြို့နယ်မှာနေတဲ့ ဒေါ်ဆွေဆွေတင်က မေးလ်နဲ့ စာတစ်စောင် ပေးပို့လာပါတယ်။ စာထဲမှာ ရေးထားတဲ့အကြောင်း အရာကတော့ ရပ်/ကျေး အုပ်ချုပ်ရေးဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူတစ်ဦးဖြစ်တဲ့ သူ့အမြင်ကို စာရေးသား ပေးပို့ခဲတာ ဖြစ်ပါတယ်။ သူဟာ ဥပဒေနဲ့ ဘွဲ့ရခဲ့ပေမယ့် ရှေ့နေမလုပ်ဘဲ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး အုပ်ချုပ်ရေးကို စိတ်ဝင်စားသူ အထူးသဖြင့် ရပ်/ကျေး အုပ်ချုပ်ရေးနဲ့ ပတ်သက်လို့ ပိုပြီး စိတ်ဝင်စားသူတစ်ဦး ဖြစ်တယ်လို့ ပြောပါတယ်။

သူဘာကြောင့် စိတ်ဝင်စားရသလဲဆိုရင် သူဟာ ရပ်ကွက်မှာနေထိုင်တဲ့ ပြည်သူတစ်ဦးဖြစ်တဲ့ အတွက် သူ့ရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို လိုလားသူ ဖြစ်လို့ပါလို့ ရေးပါတယ်။ ဒီနေ့ထုတ် သတင်းစာတစ်စောင်မှာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးများရဲ့ အသက်ကို (၂၅)နှစ်ဖြစ်ကြောင်း သတ်မှတ်ထားတာကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်သီရိရတနာက ဆွေးနွေးရာမှ လူငယ်များကို နိုင်ငံ၌ နေရာပေးနိုင်ရန် အသက်(၁၈)နှစ်အထိ ပြင်ဆင်ရန် စဉ်းစားသင့်ကြောင်း ဆွေးနွေးခဲ့တယ်လို့ ဖတ်လိုက်ရတာကို ပြောချင်တဲ့အတွက် စာရေးခဲ့တာ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲပြီးတဲ့ နောက်တက်လာတဲ့ အစိုးရဟာ ဒီမိုကရေစီစနစ်ကို ပီပြင်အောင် အကောင်အထည်ဖော်ဖို့အတွက် ပြည်သူပါဝင်တဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်အောင် ဆောင်ရွက် မယ်လို့ ဆိုခဲ့ပေမယ့် ရပ်/ကျေးအဆင့် အုပ်ချုပ်ရေးမှူးတွေကိုပဲ ပြည်သူ့ဆန္ဒနဲ့အညီ မဲပေးရွေးချယ် နိုင်ခဲ့ပြီး မြို့နယ်၊ ခရိုင်နဲ့ တိုင်းတို့က အုပ်ချုပ်ရေးမှူးတွေကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဝန်ထမ်းတွေ ကိုသာ အဓိကထားပြီး ခန့်အပ်ခဲ့ပါတယ်။ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးဆိုတာ သူရွေးချယ်ခံရတဲ့နေရာက ပြည်သူတွေရဲ့ ရပ်ရွာအကျိုးကို ဆောင်ရွက်ဖို့ ဝင်ရောက် ရွေးချယ်ခဲ့ကြတာ ဖြစ်ပေမယ့် တကယ့်လက်တွေ့မှာတော့ အထက်အဆင့်ဆင့်ရဲ့ ညွှန်ကြားချက်တွေနဲ့ မဆိုင်တဲ့ ကိစ္စတွေမှာ ဝင်ရောက်ပြီး ဆောင်ရွက်ကြရတာကို တွေ့မြင်နေ ရတယ်လို့ ပြောပါတယ်။

သူငယ်စဉ်က နေထိုင်ခဲ့တဲ့ စမ်းချောင်းမြို့နယ်ဆို အရင် ရပ်ကွက်ကောင်စီဥက္ကဋ္ဌ အခု ရပ်ကွက် အုပ်ချုပ်ရေးမှူး နေရာက လူတွေ လမ်းလူကြီး ကော်မတီဝင်ဆိုတဲ့ လူကိုတောင် ရပ်ကွက် ကလူတွေ လမ်းကလူတွေက ချစ်ကြောက်ရိုသေကြပါတယ်။ လမ်းထဲမှာ ရပ်ကွက်ထဲမှာ တစ်စုံတစ်ရာ ပြဿနာရှိရင် ရဲစခန်းတွေ၊ တရားရုံးတွေအထိတောင် မသွားခဲ့ရဘဲ နေရာမှာတင် ပြီးခဲ့တဲ့ အမှုကိစ္စ တွေ အများကြီး ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ပြောချင်တာက အုပ်ချုပ်သူတစ်ယောက်ကို သူ့မှာ သီလ၊ သမာဓိနဲ့ အကျင့်သိက္ခာအပြင် ဘယ်လောက်အရည်အချင်းနဲ့ အတွေ့အကြုံရှိသလဲဆိုတဲ့ အချက်ပေါ်မူ တည်ပြီး ရွေးချယ်သင့်တယ်လို့ ယူဆပါတယ်။ လူငယ်တွေကို နေရာပေးရမယ်ဆိုတဲ့ အယူအဆကို သူ လက်ခံပါတယ်။ လူငယ်ဘဝကနေ ရလာတဲ့ အတွေ့အကြုံတွေနဲ့ လူကြီးဖြစ်လာမယ့်အချိန်မှာ နိုင်ငံ အတွက် ကောင်းမွန်တဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်နိုင်မယ်ဆိုတာလည်း ယုံကြည်ပါတယ်။ ဒါပေမယ့် ၁၈ နှစ်ဆိုတဲ့ အသက်အရွယ်ဟာ ရပ်ကွက်၊ ကျေးရွာကို ဦးဆောင်ဖို့ မဆိုထားနဲ့ သူ့မိသားစု အိမ်ထောင်တစ်ခုကို ဦးဆောင်နိုင်ဖို့ဆိုတာ အလွန် ခက်ခဲပါလိမ့်မယ်လို့ ရေးပါတယ်။

၁၈ နှစ်ဆိုတဲ့အရွယ်ဟာ အရွယ်ရောက်ပြီး မဲပေးလို့ရပြီလို့ သတ်မှတ်နိုင်ပေမယ့် မြန်မာနိုင်ငံ ပညာရေး အသက် သတ်မှတ်ချက်အရ သူ့ပညာရေးဟာ ဒုတိယနှစ်သာ ရှိနေမှာဖြစ်တဲ့အတွက် လူငယ်တစ်ယောက်ရဲ့ ပညာရေး ဆုံးခန်းမတိုင်ခင်မှာ တာဝန်ပေးလိုက်ရင် သူ့ပညာရေး အညွှန့် ကျိုးသလို ဖြစ်သွားမှာကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။ ဒါ့အပြင် ဒီနေ့အချိန်အခါမှာ လူတွေဟာ ဖြတ်သန်းလာခဲ့ကြရတဲ့ လူမှုဘဝ ဒုက္ခတွေကြောင့် ဒေါသ၊ မောဟာ၊ လောဘတွေ တစ်နေ့တစ်ခြား ပိုမိုမြင့်တက်လာနေကြပါတယ်။ ဘဝပြဿနာတွေကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးစားမှုတွေ နည်းလာသလို တစ်ဦးနဲ့တစ်ဦး အပေါ်မှာလည်း အကြင်နာတွေ မေတ္တာတွေထားရှိမှုတွေလည်း ပျောက်ဆုံးလာနေပါပြီ။ ဒါတွေကို ဟန့်တားနိုင်ဖို့၊ အသိပညာပေးနိုင်ဖို့ ၁၈ နှစ်အရွယ်သာရှိသေးသူက လုပ်ဆောင်နိုင်ဖို့ လိုအပ်နေသေးတယ်လို့ သူ့အနေနဲ့ ထင်မြင်ယူဆမိပါတယ်။ အရင်သတ်မှတ်ထားတဲ့ ၂၅ နှစ်ရောက်ဖို့ ၇ နှစ်ဆိုတဲ့ အချိန်ကာလကို ဖြတ်သန်းရင်း ပညာနဲ့ အတွေ့အကြုံ၊ အသိအမြင်တွေ က ရင့်ကျက်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာဖို့  အချိန်ကောင်းတစ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။ ၁၈ နှစ်ကိုမှ အတင်းခန့်ချင်တယ်ဆိုရင်လည်း ရပ်/ကျေး အုပ်ချုပ်ရေးမှူး မဟုတ်ဘဲ အဖွဲ့ဝင်အဖြစ် ခန့်ထားစေချင်ပါတယ်။

လူငယ်ဆိုတာ ရိုးသားဖြူစင်ပါတယ်။ ဒီနေ့ လူငယ်တွေဟာ သူတို့ခေတ်က လူငယ်တွေထက် ပိုပြီး အတွေးအခေါ်၊ အသိအမြင်နဲ့ ပညာရည်တွေ ထူးချွန်ထက်မြတ်တာကို လက်ခံပါတယ်။ ဒါပေမယ့် မူကြိုကျောင်းတက်တဲ့ ကလေးကို အလယ်တန်းအဆင့် စာမသင်ပေးစေချင်တဲ့ စေတနာနဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးကို ၁၈ နှစ်လို့ မပြင်ဘဲ အရင်အတိုင်း ၂၅ နှစ်သာ ထားသင့်ကြောင်း ပြည်သူတစ်ဦးရဲ့ အမြင်နဲ့ ရေးသားပေးပို့ခဲ့တဲ စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly