ကြီးနိုင်ငယ်ညှင်း မြန်မာပြည်

ကြီးနိုင်ငယ်ညှင်း မြန်မာပြည်

မြန်မာသည် ကျောက်ခေတ်က မထွက်နိုင်သေးဟုဆိုသော် ရ၏။ အဘယ့်ကြောင့်ဆိုသော် ကျောက်ခေတ်က အင်အားသာသူက ကြီးမှူးနိုင်သည်။ သူ့ကို ကျန်သူများက ကြောက်ရသည်။ တိရစ္ဆာန်နှင့် မကွာသော လူ့ဘဝများဟု ဆိုသော် ရ၏။

ယနေ့မြန်မာသည်လည်း လက်နက်ရှိသူက အာဏာရှိသကဲ့သို့ ဖြစ်သည်။ စစ်အာဏာရှင်များ အချိန်ယူကာ စနစ်တကျ ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အထိုင်ပေါ်က ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲဖြင့် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရက မြန်မာကို အုပ်စီးထားသည်။

ယင်းထုံးပုံဖြင့်ပင် မပြောင်းမလွဲဘဲ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ခရီးဆက်ကြဦးမည်။ ပြည်သူ့ဆန္ဒကားနောက် စစ်တပ်ဆန္ဒကားရှေ့ ဖြစ်ခဲ့ပြီးဖြစ်ရာ ပြည်သူများ၏ အဖိနှိပ်ခံ၊ အဖမ်းဆီးခံ၊ ပစ်ခတ် သတ်ဖြတ်ခြင်း ခံရသည်များ၊ တရားဥပဒေ မစိုးမိုးသည်များကို လွယ်လွယ်ဖြင့် ကျော်ဖြတ် ရနိုင်ဦးမည် မဟုတ်ပါ။

အုပ်ချုပ်ရေး ယန္တရားသည်လည်းကောင်း၊ ဥပဒေပြုရေး မဏ္ဍိုင်သည်လည်းကောင်း စစ်ရေး စစ်နံ့များဖြင့် စက်ဆုပ်ဖွယ် လွှမ်းမိုးချိန်တွင် တရားစီရင်ရေးသည်လည်း လမ်းကြောင်း မမှန်နိုင်တော့ သည်ကို မြန်မာပြည်သူများက သိပေသည်။ အထူးအားဖြင့် ကျောင်းသားအရွယ် လူငယ်များက သိလေသည်။ မကြာခင်က ရန်ကုန်မြို့လယ်ခေါင်တွင် ကျောင်းသားများက တင်းကျပ်သော အစိုးရနှင့် မမျှတသော ဥပဒေများကို မကြောက်မရွံ့တော့ဘဲ “လွှတ်တော်တွင်းမှ အစိတ်သား ထွက်သွား” ဟု ဆန္ဒပြခဲ့ကြသည်။

အာဏာရှင် လွှမ်းမိုးခြင်းသည် အဆက်အစပ် ရှိသည်။ အစိုးရ- ကုန်သည်- ပြည်သူ ကူးလူးနေ လေသည်။ အစိုးရသည် စစ်နောက်ခံ အာဏာပါဝါဖြင့် လူထုကို တင်းတင်းကျပ်ကျပ် အုပ်ချုပ်ထားဆဲ ဖြစ်သည်။ အထူးအားဖြင့် ရပ်ရွာအုပ်ချုပ်ရေး အဆင့်ဆင့်သည် ပြည်ထဲရေးဝန်ကြီးကို တာဝန်ခံရပြီး ထိုသူက တစ်ဆင့် ကာကွယ်ရေး ဦးစီးချုပ်ကို တင်ပြအစီရင်ခံရသည်။ တပ်အုပ်ချုပ်ပုံ အဆင့်ဆင့်ဖြင့် လူထုကို အုပ်ချုပ်ထားဆဲ ဖြစ်သည်။

အစိုးရ အုပ်ချုပ်ပုံ အဆင့်ဆင့်သည် ကုန်သည်များ အုပ်ချုပ်ပုံသို့ ရောက်သည်။ ကုန်သည်နှင့် အုပ်ချုပ်ရေးအာဏာပိုင်တို့သည် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆက်ဆံရေး ရှိသည်။ စစ်အစိုးရ အဆက်ဆက် အငွေ့အသက်သည် စစ်နောက်ခံ ဒီမိုကရေစီ ခေတ်တိုင်အောင် ရှင်သန်သည်။

တစ်နာရီ ကျပ် ၄၅၀၊ တစ်ရက်(ရှစ်နာရီစာ) ကျပ် ၃,၆၀၀ ဖြင့် မြန်မာနိုင်ငံသား အရွယ်ရောက်ပြီးသူတစ်ယောက်အတွက် အနိမ့်ဆုံး လုပ်ခကို ကုန်သည်လုပ်ငန်းရှင်များက မပေးလိုဟု ဆိုကြသည်။ တစ်ပတ်ခြောက်ရက် အလုပ်ခိုင်းစေပြီး တစ်ပတ်တစ်ရက် နားရက်ကိုပင် တွက်ချက်ပြပြီး ပေးအပ်ရန် ငြင်းဆိုလိုကြသည်။ တစ်ရက်လုပ်ခ ကျပ် ၃,၆၀၀ ပေးရမည်ဆိုက လုပ်ငန်းများ ပိတ်သိမ်း လိုက်မည်ဟု အကျပ်ကိုင်ကြသည်။ အခွင့်ရှိသူ အာဏာရှိသူက အထက်၊ ခိုင်းခံရမည့်သူ ခံစားရ မည့်သူက အောက် ဖြစ်နေတော့သည်။

မနက်မိုးလင်းမှသည် မိုးချုပ်သည်အထိ ပြည်သူအများကား မိမိအတ္တနှင့် ခံစားချက်တို့ကို ထုပ်ပိုးသိမ်းဆည်းကာ ဖိနှိပ်ခံနေရသည်။ ဘတ်စ်ကား စပယ်ယာ(ယာဉ်နောက်လိုက်) ကိုလည်း စကားဘက်ပြိုင် မပြောရဲ၊ ဈေးရောင်းသူကိုလည်း ချေပစကား မဆိုရဲ၊ အစားအသောက် စားမကောင်း၊ မလတ်ဆတ်၊ ရွံစရာတွေ့လည်း နှုတ်လှန် မထိုးရဲ၊ လုပ်ငန်းခွင် လုပ်ငန်းရှင်နှင့်ကား ပိုဆိုးသည်။ ပေးသည်နှင့် လုပ်ချင်လုပ်၊ မလုပ်ချင်ထွက် ဆိုသည့်စကား ကြားရမည်ကို ကြောက်ရသည်၊ လန့်လှ သည်။ မှီခိုသူ အိမ်သူသားချင်း၊ ကလေးများ မျက်နှာ ထောက်ရမည်။ သူတို့တတွေ ငတ်မှာ ပြတ်မှာ ကြောက်ရသည်။

ပြည်သူချင်းကား ငွေအား ဂုဏ်အားကြီးသူ နိုင်ကြသဖြင့် ကြောက်ရသည်။ လုပ်ငန်းခွင်တွင် လုပ်ငန်းရှင် သူဌေး၊ အကြီးအကဲနှင့် အထက်အရာရှိတို့ ရွှေစိတ်တော် ငြိုငြင်မည်ကို စိုးရသည်။ ပြည်သူ့ဝန်ထမ်းခေါ်ခေါ်၊ အစိုးရဝန်ထမ်းဆိုဆို ထိုသူတို့နှင့် ကိစ္စရှိက ဆက်ဆံရမည်ကို ရွံ့ရသည်။ အဆိုးဆုံးကား ထိပ်ပိုင်းထိုင်ကာ ပိပြားနေအောင် ဖိနှိပ်အုပ်ချုပ်ထားသော စစ်နောက်ခံ အုပ်ချုပ်ရေးမှူး များကို လန့်ရသည်။ 

မြန်မာပြည်ကား ကျောက်ခေတ်ကဲ့သို့ ဖြစ်သည်။ ကြီးနိုင်ငယ်ညှင်း မြန်မာပြည်ကို မဇ္ဈိမသည် စိုးရိမ်ထိတ်ထိတ် တွေ့နေရသည်။ ပြည်သူချင်း စာနာသော၊ အလုပ်ရှင်နှင့် အလုပ်ဝင် မေတ္တာထား သော၊ အစိုးရနှင့် ပြည်သူ ကြည်ဖြူသော မြန်မာပြည်ကို မဇ္ဈိမသည် တွေ့လိုလှသည်။