စစ်တွေမြို့ရှိ မူဆလင်ရပ်ကွက်များတွင် လူဦးရေ စစ်ဆေးမှု စတင်နေပြီ

စစ်တွေမြို့ရှိ မူဆလင်ရပ်ကွက်များတွင် လူဦးရေ စစ်ဆေးမှု စတင်နေပြီ
စစ်တွေမြို့ရှိ မူဆလင်များနေထိုင်သော အောင်မင်္ဂလာရပ်ကွက်၏ လူဦးရေကို စစ်ဆေးစဉ် (ဓာတ်ပုံ - ကျော်မင်း/မဇ္ဈိမ)

စစ်တွေ၊ မေ ၂၂ ရက် ။           ။ စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်၏ လူဦးရေမှာ ပြည်နယ်လူဝင်မှုကြီးကြပ်ရေး မှတ်တမ်းများအရ  ပြီးခဲ့သည့်၂၀၁၂ ခုနှစ်က ၄၀၀၀ ခန့် ရှိသော်လည်း ၄ နှစ်အတွင်း ၂၀၀၀၀ နီးပါးထိ တိုးလာကြောင်း သတင်းများ ထွက်ပေါ်လာသဖြင့် တရားမဝင် ဝင်ရောက်နေထိုင်မှုများ ရှိမရှိကို မေလ ၂၁ ရက်က စတင်ကာ စစ်ဆေးနေပြီဖြစ်သည်။

စစ်ဆေးမှုကို ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့နှင့် စစ်တွေမြို့မှ အရပ်ဖက်အဖွဲ့အစည်းများက ဆောင်ရွက်နေခြင်း ဖြစ်သည်။

"တကယ့် ကျနော်တို့ရဲ့ စာရင်းအရတော့ ၄၃၀၀ ကျော်ပဲ ရှိပါတယ်။ ဒါပေမယ့် ဒီ မီဒီယာတွေကနေတက်လာတဲ့ သတင်းတွေအရ ၁၂၀၀၀ ကျော်ထိ ရှိနေတယ်ဆိုပြီး သတင်းတက်လာတယ်။ ဒါကြောင့် မြေပြင်မှာ ဘယ်လောက်ရှိလဲ၊ မရှိဘူးဆိုတာ ကျနော်တို့ စစ်ဆေးရတာပါ" ဟု ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာနမှ ဦးဝင်းလွင်က မဇ္ဈိမကို ပြောကြားသည်။

အောင်မင်္ဂလာရပ်ကွက်မှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မတိုင်မီက စစ်တွေမြို့ရှိ မူဆလင်များ နေထိုင်ရာ ဒုတိယအကြီးဆုံး ရပ်ကွက်တစ်ခုဖြစ်ပြီး ပထမအကြီးဆုံး ရပ်ကွက်ဖြစ်သည့် စက်ရုံစုရပ်ကွက် ခေါ် နာဇီရပ်ကွက်တွင် နေထိုင်သူများမှာ စစ်တွေမြို့ပြင်ရှိ ဒုက္ခသည်စခန်းများသို့ ပြောင်းရွေ့ခဲ့ကြသည်။

"အောင်မင်္ဂလာရပ်ကွက်မှာ လူဦးရေက အဆမတန်တိုးပွားနေပါတယ်ဆိုပြီးတော့ပေါ့ တိုင်ကြားချက်တွေရှိတဲ့အတွက် ခုလို သက်ဆိုင်ရာက လာရောက် စစ်ဆေးတဲ့အပေါ်မှာ ကျနော်တို့အနေနဲ့ ဘယ်လိုမှ သဘောမထားပါဘူး။ စစ်ဆေးပါ။ ပြီးမှ သတင်းအမှန်ကို သိကြရမှာ ဖြစ်ပါတယ်။" ဟု အောင်မင်္ဂလာရပ်ကွက်နေ ဦးအာနုက ပြောသည်။

လူဦးရေစစ်ဆေးမှုကို မေလ ၂၁ ရက်နေ့က စတင်စစ်ဆေးခဲ့ရာတွင် သတင်းရယူခဲ့ကြသော သတင်းသမားများ၏ မှတ်တမ်းဖိုင်များကို လုံခြုံရေးအဖွဲ့များက ဖျကဆီးခဲ့ပြီး သတင်းရေးသားမှုကိုပါ ပိတ်ပင်ခဲ့သော်လည်း မေလ ၂၂ ရက်တွင် သတင်းမီဒီယာများအားလုံးကို သတင်းရယူခွင့်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly