စဉ်းစားဆင်ခြင် မိသမျှ

စဉ်းစားဆင်ခြင် မိသမျှ
ဆရာ ဒဂုန်တာရာ ဓာတ်ပုံ-အီးပီအေ

ကဗျာဆရာကြီး ဒဂုန်တာရာရဲ့ ၉၇ နှစ်မြောက် မွေးနေ့ကို ဆရာခေါင်းချရာ သာမိုင်းခမ်းမှာပဲ ကျင်းပပြီးစီးသွားခဲ့ပြန်ပါပြီ။ လူသေပေမယ့် နာမည်မသေတဲ့ ဆရာမွေးနေ့ပေါ့။ နိုင်ငံပိုင် သတင်းစာတွေမှာလည်း ဆရာ့မွေးနေ့ ဂုဏ်ပြုကဗျာတွေ ဖတ်ရတယ်။ အရင်ကဆို ဒီကဗျာမျိုး သတင်းစာက ဘယ်ထည့်မလဲ၊ ခေတ်ပြောင်းလို့ထည့်တာ၊ စိတ်မကောင်းစရာတစ်ခုက ဒဂုန်တာရာကို ဒဂုံတာရာလို့ သတင်းစာက စာလုံးပေါင်း မှားထားတာပဲ။ ထားပါတော့။

ဟိုအရင်တုန်းက ကိုဌေးမြိုင် ခါခါခေါ်ပြီး မြေကြီးဖွင့်ကြည့်ရဲသလား ဘာလား လုပ်ခဲ့ကြတဲ့ ဆရာများကလည်း အခုတော့ ဦးလေးဒဂုန်တာရာဆိုပြီး လွမ်းကဗျာဖွဲ့လို့၊ ဒီလိုလည်း လွမ်းလို့ရတာပဲနော်။ သူတို့အရင်ရေးခဲ့တဲ့ စာတွေ ဘယ်နားသွားထားရမှန်း မသိဘူူး။ ဘာပဲဖြစ်ဖြစ် ဆရာတာရာကို လွမ်းတဂုဏ်ပြုကြတယ်ဆိုတာတော့ ကောင်းတဲ့ကိစ္စပါ။ နိုင်ငံပိုင်သတင်းစာတွေမှာ ရှေ့ရိုးစွဲပေါ်လစီ ဝါဒဖြန့်မဟုတ်တဲ့ ကဗျာတွေ ထည့်လာတာလည်း ကောင်းတာပဲ။ အရင်ကများ သတင်းစာကဗျာဆို မောင်မှန်က အလိုလို ဆောရီးပြီးသား။ နိုင်ငံရေးဦးတည်ချက်တို့၊ တာဝန်အရေးသုံးပါးတို့၊ ဖွဲ့စည်းပုံ တည်တံ့ခိုင်မြဲရေးတို့ကို ကာရန်နဲ့ သီထားတာမို့လား။ အခုတော့ နိုင်ငံပိုင် သတင်းစာကဗျာကို မောင်မှန် စောင့်ဖတ်နေရပါပြီ။ ဒီမိုကရေစီဘက်သား ဆရာကြီး၊ ငယ်များကိုယ်တိုင် ပါဝင်ရေးသားလာကြပြီမို့ အားပါးတရ အားပေးရတာပေါ့။

ဒီလိုစောင့်ဖတ်လာခဲ့ရာမှ (၁၀-၅-၁၆)နေ့ထုတ် ကြေးမုံသတင်းစာမှာတော့ ဆရာမောင်စွမ်းရည်ရဲ့ စည်းစားဆင်ခြင်ဆိုတဲ့ ကဗျာတစ်ပုဒ် သွားတွေ့တယ်။ ဆရာ့ကဗျာက သိမ်မရှည်လို့   ပြန်ဖော်ပြလိုက်ပါရစေ။ "ခုရေတွင်းတူး၊ ခုရေကြည်သောက်၊ သောက်ချင်တိုင်းဖြစ်မလား၊ မနေ့က အာဏာရ၊ ဒီနေ့ကျ ပြည်တော်သာ ဖြစ်နိုင်ပါ့မလား၊ ဆန္ဒမစောနဲ့၊ ဆန္ဒစောရင် ဆန္ဒမချောတက်ဘူး။ နှစ်ငါးဆယ်ဖျက်၊ တိုင်းပြည်ပျက်ကို ရက်ငါးဆယ်နဲ့မပြင်နိုင်" တဲ့။ ဆရာမောင်စွမ်းရည်က ဆန္ဒစောသူတွေကို စဉ်းစားဆင်ခြင်ဖို့ သတိပေးလိုက်ပါပြီခင်ဗျာ။

ဆရာစွမ်းကဗျာကိစ္စ ခဏထားလို့ ဆရာစွမ်းရဲ့ စာပေလမ်းကြောင်းကို မောင်မှန်ဉာဏ်မီသလောက် ပြန်ငဲ့စောင်းကြည့်ပါတယ်။ (လွန်ခဲ့တဲ့ နှစ်အစိတ်လောက်က ဆရာရန်နောင်ဦး ရေးခဲ့ဖူးတဲ့ ဆရာစွမ်း လာလမ်းပြန်ကြည့်ပါ ဆိုသလိုမျိုးပေါ့။) ဆရာစွမ်းဟာ ကဗျာဆရာ၊ မန္တလေးမြို့ နံနက်ခင်းလို၊ အမေခေါ်သံလို ကဗျာကောင်းတွေ အများကြီး ရေးခဲ့တဲ့ ကဗျာဆရာ။ (အမေခေါ်သံဆို မောင်မှန် အခုထိ ခဏခဏ ပြန်ဖတ်ဖြစ်တုံး) နောက်ပြီး ဆရာစွမ်းဟာ စာပေဝေဖန်ရေးဆရာ၊ စာပေဝေဖန်ရေးဆရာမှ စူးရှထက်မြတ်တဲ့ ဆရာ၊ အိယောင်ဝါး ဖတ်ညွှန်းရေးတဲ့ ဆရာမျိုးမဟုတ်ဘူး။ ဆရာစွမ်းရဲ့ ဗမာစာပေ ဘာလဲ၊ ဘယ်လဲ စာအုပ်ဆိုရင် ဝေဖန်ရေးစာပေအကြောင်း ပြောကြမယ်ဆို ချန်ထားလို့ မဖြစ်တဲ့ စာအုပ်ပါခင်ဗျာ။ ဆရာစွမ်း ပြည်ပရောက်သွားတော့လည်း VOA က လွှင့်ထုတ်ပေးတဲ့ ဆရာစွမ်း (ဆရာဝင်းဖေနဲ့ တစ်လှည့်စီ တင်ဆက်တဲ့)ရဲ့ သက်ကြီးစကား သက်ငယ်ကြား အသံဆောင်းပါးတွေ ပြည်ပထုတ် ဗမာမဂ္ဂဇင်းများနဲ့ online မှာရေးတဲ့ ကဗျာဆောင်းပါး စတာတွေဟာလည်း ဗမာပြည်သူတွေကို အများကြီး အကျိုးများစေခဲ့ပါတယ်။ အဲ ဗမာပြည်သူတွေထဲ မောင်မှန်လည်း ပါသပေါ့ခင်ဗျာ။ ပြည်တွင်းမှာ ၂၀၁၃ က ပြန်ထုတ်တဲ့ "ဘာလဲဟဲ့" ဆောင်းပါးတွေလည်း ထို့အတူပါပဲ။

စပ်မိလို့ ဆရာမောင်စွမ်းရည်ရဲ့ ဆောင်းပါးတစ်ပုဒ်အကြောင်း မောင်မှန် တင်ပြလိုပါတယ်။ ဖတ်ဖူးတာကြာပြီဖြစ်လေတော့ ဘယ်မဂ္ဂဇင်းမှာ ပါတယ်ဆိုတာတော့ မောင်မှန် မမှတ်မိတော့ပါဘူး။   နှစ်နှစ်ဆယ်လောက် ရှိပြီကိုး။ ဆောင်းပါးက ကဗျာဆရာကြီး ဒေါင်းနွယ်ဆွေအကြောင်း ရေးထားတာပါ။ တစ်နေ့မှာ ဆရာစွမ်းနဲ့ ဆရာဒေါင်း နှစ်ယောက်သား လမ်းမှာ ဆုံကြသတဲ့။ ဆရာစွမ်းက ဆရာဒေါင်းကို ပြောပါတယ်။ "ဆရာခင်ခက်ခက်ခိုင် ဝတ္ထုတွေ အတော်ရေးနေတယ်နော" တဲ့။ (ဒီနေရာမှာ ခက်ခက်ခိုင် ဝတ္ထုတွေအကြောင်း မောင်မှန် ရှင်းပါမယ်။ ခင်ခက်ခက်ခိုင်ဝတ္ထုတွေဆိုတာ ခင်ခက်ခက်ကို အဓိက ဇတ်ကောင်ထားပြီး ပေါ့ပေါ့ပါးပါးရေးတဲ့ အပျော်ဖတ်ဝတ္ထုတွေပဲ ဖြစ်ပါတယ်။ ဆရာဒေါင်းဟာ သူ့အခြေအနေအရ ဒါမျိုးတွေ ရေးခဲ့ရဖူးပါတယ်။) ဆရာဒေါင်းရဲ့ တုံ့ပြန်ချက်ကလည်း ရှင်းပါတယ်။ "မင်းကရော ဘာဖြစ်လို့ အစိုးရဖားတဲ့ ကဗျာတွေ ရေးသလဲ" တဲ့။ (ဆရာဒေါင်းရဲ့ အပြန်က ဆရာစွမ်းအပြောနဲ့ တယ်မဆိုင်လှပါဘူး။) ပြောပြီးပြီးချင်းပဲ ဆက်ထွက်သွားလေတော့ ဆရာစွမ်းလည်း ဘာမှ ဖြေရှင်းချိန် မရလိုက်ပါဘူး။ ဆရာစွမ်းက ဒီအကြောင်းလေး ဆောင်းပါးရေးခဲ့ပါတယ်။

ဒီဆောင်းပါး မောင်မှန်ဖတ်ရတော့ ဆရာဒေါင်းက ဒေါသကုမ္မာရဆိုတဲ့ သူ့မူသူ့ဟန်အတိုင်း ခပ်ဆက်ဆက်တုံ့ပြန်သွားတာပဲလို့ မှတ်ယူခဲ့ပါတယ်။ ဟုတ်တယ်လေ။ မောင်မှန်လည်း ဆရာစွမ်းရဲ့ အစိုးရဖားတဲ့ ကဗျာရယ်လို့ တစ်ခါမှ ထင်ထင်ရှားရှား သတိမပြုမိဘူးပဲ။ (တော်လှန်ရေးကောင်စီတက်စ ကဗျာအချို့ကို ဆရာဒေါင်း ရည်ညွှန်းလေသလားတော့ မသိဘူးပေါ့လေ။) ထားပါတော့။ ဒါက မောင်မှန်ချဉ်းကပ်မိသမျှ ဆရာ မောင်စွမ်းရည်အကြောင်းပါ။

ကြေးမုံသတင်းစာပါ ဆရာစွမ်းကဗျာ ကိစ္စ ပြန်ဆက်ရအောင်ပါ။ ဆရာစွမ်းရဲ့ စဉ်းစားဆင်ခြင်ဆိုတဲ့ ကဗျာဟာ ဒီတစ်ခါတော့ အမှန်အကန်ကြီးကို အစိုးရဖားတဲ့ ကဗျာပါပဲ။ ဖားတဲ့အစိုးရက NLD အစိုးရ၊ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ ဒီမိုကရေစီ တစ်ပိုင်း အစိုးရပါ။ (ပညာရှင်တွေ သုံးနှုန်းလေ့ ရှိကြတယ်။ စစ်တစ်ပိုင်း အစိုးရတို့ အရပ်သားတစ်ပိုင်း အစိုးရတို့။ အခု မောင်မှန်ဆိုတဲ့ ပညာရှင်က ဒီမိုကရေစီတစ်ပိုင်း အစိုးရလို့ အသစ်သုံးကြည့်လိုက်ပါတော့။ ဟုတ်တယ်လေ။ မောင်မှန်တို့ရတဲ့ ဒီမိုကရေစီက တစ်လုံးမပြည့်ဘူး။ ခေါင်းချိုးခံထားရလို့ တစ်ပိုင်းပဲရှိတယ်။) ဒီမိုကရေစီတစ်ပိုင်းဆိုတာ NLD က ပိုင်ချင်လို့ ပိုင်ထားတာမျိုးတော့ မဟုတ်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံက ပိုင်းထားတာပါ။ ထဘီတန်းအောက်ဝင်ရင် ထိုးထားသမျှ သိဒ္ဓိဆေးအစွမ်းတွေ အကုန်ပျောက်ကွယ်တက်တယ်ဆိုသလိုမျိုးပဲ။ ၂၀၀၈ အောက် ဝင်မိရင်လည်း အကုန်ခေါင်းချိုးခံရမှာပဲ။ ဒီမိုကရေစီတစ်ပိုင်း၊ ငြိမ်းချမ်းရေးတစ်ပိုင်း၊ လူ့အခွင့်အရေးတစ်ပိုင်းပေါ့။ ဒါလည်း အများသိပြီးသားပါ။ သို့သော်လည်း NLD က သူစွမ်းနိုင်သမျှ စွမ်းပြဖို့ရာ ဝင်ခဲ့တာဖြစ်မှာပါ။ သူစွမ်းသမျှကိုလည်း မောင်မှန်တို့ ပြည်သူတွေက အားပေးဖို့ရာ အသင့်ပါ။

ဆရာစွမ်း စဉ်းစားဆင်ခြင်ခိုင်းတာလည်း ခိုင်းတာပေါ့။ ဟုတ်သလောက်လည်း ဟုတ်မှာပေါ့။ ဒါပေမယ့် ခုရေတွင်းတူး ခုရေကြည်သောက်လို့ မရဘူးဆိုတာချည်းကတော့ မောင်မှန်တို့တတွေ စစ်အာဏာရှင် ခေတ်အဆက်ဆက်မှာ ကြားခဲ့ဖူးပြီးသား ဓာတ်ပြားဟောင်းကြီးပါ။ (ခုခေတ် ဓာတ်စက်တွေ မရှိတော့သော်လည်းပဲ ဆက်ကြားနေရတုန်းပါ)။ မနေ့က ရခဲ့တဲ့ အာဏာဟာ တစ်ဝတ် အာဏာဆိုတာလည်း မောင်မှန်တို့သိပါတယ်။ အဲဒီ့တစ်ဝက်လောက်ထဲကပဲ၊ ဘတ်စကားခလေးများ တရာဝင်နှုန်းထားအတိုင်း ပေးစီးခွင့်ရမလား။ (ဈေးကျဖို့ ပြောတာ မဟုတ်ဘူးနော်။ ပိုတောင်းတာကို ပုံမှန်ပေးစီးချင်တာ) ဒီမိုကရေစီပညာရေးလေးများ သင်ခွင့်ရမလား။ သိမ်းထားတဲ့ လယ်လေးများ ပြန်ရမလား၊ လုပ်အားနဲ့ လုပ်ခသာ တူညီမျှရမလား၊ နိုင်/ကျဉ်း အကုန်လွတ်မလား။   မျှော်မိကြတာပါခင်ဗျာ။ ချက်ခြင်းကြီး ပြည်တော်မသာမှန်း သိပါတယ်။ ဆန္ဒတွေ မစောကြပါနဲ့။ ပျော်ပျော်ပါးပါးကြီး အုတ်မြစ်ချကြတာပေါ့ဆိုတဲ့ ဒေါက်တာ မောင်မောင်ကြီးရဲ့ စကားကိုလည်း ပြန်ကြားမိတယ်ဆရာ။ ဒီစကားတစ်ခါကြားရပြီးရင် နောက် နှစ် ၃၀ လောက်နေရောပဲ။ အခိုင်အမာ အုပတ်မြစ်ထပ်ချလိုက်တာက စစ်အာဏာရှင်စနစ် ဖြစ်နေပေးတာကိုး။ ဗမာပြည်မှာ ထမင်းနောက်တစ်နပ်စာအတွက် ဘာမှ မရေရာသေးတဲ့ မိသားစုဘဝတွေ အများကြီးပါ။ သူတို့ဟာ နောက်တစ်နပ်စာအတွက်(ဆန္ဒမချောရင်နေ) ဆန္ဒစောနေကြမှာ အသေအချာပါ။ ဒီဇာတ်လမ်းတွေ စခဲ့ကြတာ နှစ်ငါးဆယ်မက လွတ်လပ်ရေး(ပြည်တွင်းစစ်)နဲ့ အတူပါ။ သူတို့ကို အပြစ်တင်ဖို့ မောင်မှန် မဝံ့မရဲပါ။ ဆရာခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly