မန်ယူနည်းပြအဖြစ် ဗန်ဟားလ်ဆက်ရှိနေစေရန် မန်ယူကစားသမားများ အလိုရှိ

မန်ယူနည်းပြအဖြစ် ဗန်ဟားလ်ဆက်ရှိနေစေရန် မန်ယူကစားသမားများ အလိုရှိ

မေ ၂၂၊ အင်္ဂလန် ။            ။ နည်းပြ လူးဝစ္စဗန်ဟားလ်သည် မန်ယူအသင်းအတွက် အက်ဖ်အေဖလားရယူပေးနိုင်ခဲ့သော်လည်း အိုးထရက်ဖို့ဒ်ကွင်းကြီးတွင် ဆက်ရှိမည် မရှိမည်မှာ မသေမချာအနေအထားတွင် ရှိနေဆဲ ဖြစ်သည်။

ပဲလေ့စ်အသင်းကို မန်ယူအသင်းက ၂-၁ ဂိုးဖြင့် အနိုင်ယူပြီး အက်ဖ်အေဖလားကို ရယူနိုင်ခဲ့ပြီးနောက် မကြာခင်မှာပင် မန်ယူအသင်းက မော်ရင်ဟိုကို ဗန်ဟားလ်၏နေရာတွင် အစားထိုးကာ စာချုပ် ချုပ်ဆိုတော့မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

ထို့ကြောင့် မန်ယူအသင်း၏ အဓိက ကစားသမားအချို့ကို မီဒီယာများက မေးမြန်းခဲ့ကြရာတွင် ဗန်ဟားလ်ကို အသင်းတွင် ဆက်ရှိနေစေလိုကြောင်း ဖြေဆိုခဲ့ကြသည်။

မန်ယူအသင်းခေါင်းဆောင်ရွန်နီက 'လူးဝစ္စဗန်ဟားလ် ထွက်ခွာသွားရမယ့် အကြောင်းကို မပြောချင်ပါဘူး။ သူက ကျွန်တော်တို့ရဲ့ နည်းပြအဖြစ် ရှိနေဆဲပါ။ မန်ယူအသင်းအက်ဖ်အေဖလား ရရှိချိန်မှာ ဗန်ဟားလ်မရှိသလိုမျိုး သူ့ရဲ့ အနာဂတ်အကြောင်း ပြောဆိုနေကြတာက မမျှတပါဘူး။ သူက နည်းပြကောင်းတစ်ဦးပါ။ အက်ဖ်အေဖလားရအောင် ပြုလုပ်ပေးခဲ့လို့ သူ့ကို အလွန်ကျေးဇူးတင်ပါတယ်။ အောင်မြင်မှုရဲ့ အရသာကို ရရှိပါပြီ။ ကျွန်တော်တို့ ဒီထက်ပိုပြီး အောင်မြင်လာမယ်လို့ မျှော်လင့်ပါတယ်' ဟု ပြောဆိုခဲ့သည်။

မန်ယူအသင်း၏ ကွင်းလယ်နှင့်နောက်ခံကစားသမား ဒါလေဘလိုင်းကလည်း ဗန်ဟားလ်ကို အသင်းတွင် ဆက်ရှိနေစေလိုကြောင်း ပြောသည်။ 'ဗန်ဟားလ်က အားလုံးနဲ့ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့နည်းပြပါ။ သူ့နေရာမှာ မော်ရင်ဟိုနဲ့အစားထိုးမယ်လို့ ပထမဆုံး ကျွန်တော်ကြားမိတာပါပဲ။ မန်ယူနည်းပြအဖြစ် ဗန်ဟားလ်ကို ဆက်ရှိစေလိုပါတယ်' ဟု ဘလိုင်းက ဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly