အမေရိကန်တွင် ကိုယ်ဝန်သည် ၂၇၉ ဦး ဇီကာပိုးကူးခံရဖွယ်ရှိ

အမေရိကန်တွင် ကိုယ်ဝန်သည် ၂၇၉ ဦး ဇီကာပိုးကူးခံရဖွယ်ရှိ

နယူးယောက်၊ မေ ၂၁ ။             ။ အမေရိကန်နိုင်ငံအတွင်း ကိုယ်ဝန်သည် ၂၇၉ ဦးတွင် ဇီကာပိုးကူးစက်ခံထားရဖွယ်ရှိကြောင်း ကျန်းမာရေးတာဝန်ရှိသူများက   ပြောထားခြင်းကြောင့်   နိုင်ငံအတွင်း   ရောဂါပိုးပျံ့နှံ့နိုင်မှုကို   တိုက်ဖျက်ရေးအတွက် သမ္မတအိုဘားမားအနေဖြင့် ရန်ပုံငွေ ပိုမိုထူထောင်ရန် တိုက်တွန်းဖြစ်လာရသည်။

ရောဂါကုထုံးဆေးဝါး၊ လျင်မြန်စွာစမ်းသပ်နိုင်မှု၊ ရောဂါပိုးသယ်ဆောင်သောခြင်များအား နှိမ်နှင်းရေးနည်းလမ်းသစ်များအတွက် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၉ ဘီလီယံ လွှတ်တော်က ခွင့်ပြုပေးရန် သမ္မတအိုဘားမားက ဆန္ဒရှိနေသည်။ အဆိုပါဇီကာပိုးကူးစက်ခံရသည့် အရွယ်ရောက်ပြီးသူများတွင် အာရုံကြောနှင့် ဆိုင်သည့်ရောဂါများ ဖြစ်ပွားနိုင်ကာ မွေးဖွားလာသည့် ကလေးများတွင် ဦးခေါင်းသေးပြီး ဦးနှောက်ပုံမှန်မဟုတ်ခြင်းများ ဖြစ်စေသည်။

"ကျွန်တော်တို့ ဒီရောဂါအတွက် စလုပ်တော့မှာပါ။ အမေရိကန်ပြည်သူတွေ ယုံကြည်မှုရှိနေအောင် လာမည့်သီတင်းပတ်တွေမှာ စပြီးအကောင်အထည်ဖော်လုပ်ဆောင်တော့မှာဖြစ်ပါတယ်။"ဟု ကျန်းမာရေးထိပ်တန်းတာဝန်ရှိသူများနှင့် ဘဲဥပုံရုံးခန်းအတွင်း တွေ့ဆုံပြီးနောက် သတင်းထောက်များအား အိုဘားမားက ပြောကြားခဲ့သည်။

အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးဌာနက အမေရိကန်နယ်မြေအပိုင်းအခြားအတွင်း ကိုယ်ဝန်သည် ၂၇၉ ဦး ရောဂါပိုးကူးစက်ခံထားရခြေများကြောင်း ပြောခဲ့သည်။

ယခင်က ၁၁၃ ဦး ရှိခဲ့သည် ခန့်မှန်းခဲ့ရာမှ နှုန်းထား ခုန်တက်သွားခြင်းပင်ဖြစ်သည်။

အမေရိကန်အထက်လွှတ်တော်က ဇီကာပိုးအတွက် ဒေါ်လာ ၁ ဒဿမ ၁ ဘီလီယံ သုံးစွဲရန် သဘောတူပြီး အောက်လွှတ်တော်က အီဘိုလာပိုးအတွက် ရန်ပုံငွေမှ ဖြတ်တောက်ကာ ၆၂၂ ဒဿမ ၁ သန်း မတည်ရန် မဲပေးထားသည်။ လွှတ်တော်နှစ်ရပ်က ယင်းကိစ္စနှင့်ပတ်သက်ကာ အခြေအတင်ညှိနှိုင်းနေကြဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly