ရခိုင်သတင်းသမားများ၏ မှတ်တမ်းများ ဖျက်ဆီးခံရ

ရခိုင်သတင်းသမားများ၏ မှတ်တမ်းများ ဖျက်ဆီးခံရ
ဓာတ်ပုံ-ကျော်မင်း(စစ်တွေ)

 မေ ၂၁ ရက် ။                 ။ စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် တရားမဝင် ဝင်ရောက် နေထိုင်သူများရှိမရှိ ယနေ့ မေ ၂၁ ရက်နေ့က ပြည်နယ်အစိုးရမှ ဝင်ရောက်စစ်ဆေးစဉ် မှတ်တမ်းရယူခဲ့ကြသည့် သတင်းသမားများ၏ ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများမှာ ဖျက်ဆီးခံခဲ့ရသည်ဟု ဒေသအခြေစိုက် သတင်းထောက်များက ပြောသည်။

အောင်မင်္ဂလာရပ်ကွက်တွင် အစ္စလမ်ဘာသာဝင်များ နေထိုင်ကြခြင်း ဖြစ်ကာ ၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခအလွန် လူဦးရေ ၄ ထောင်ခန့်မျှသာ ရှိခဲ့ပြီး ယခုအချိန်တွင် လူဦးရေ ၂ သောင်းကျော်ထိ ရပ်ကွက်အတွင်း ရှိလာနေသည်ဟု စစ်တွေမြို့နေ ဗုဒ္ဓဘာသာဝင်များက စစ်ဆေးရန် တောင်းဆိုခဲ့မှုအပေါ် ပြည်နယ်အစိုးရမှ ယနေ့တွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

စစ်ဆေးမှုကို Development သတင်းဂျာနယ်နှင့် Sky Net တို့ကို ဝင်ရောက်ခွင့် မပြုခဲ့ဘဲ နိရဉ္စရာ၊ Root Investigative Agency (RiA) ၊ RFA (မြန်မာပိုင်း) ၊ RFA (ရခိုင်ဘာသာ) ၊ DVB (ရခိုင်အစီအစဉ်) တို့ကို သတင်းရယူခွင့်ပြုခဲ့သည်။

" ကျနော်တို့ရဲ့ ဓာတ်ပုံ၊ ဗွီဒီယိုဖိုင်တွေ အားလုံး ဖျက်ဆီးခံခဲ့ရပါတယ်။ ရဲအရာရှိတွေက တောင်းယူပြီး ဖျက်ဆီးတာပါ" ဟု DVB ရခိုင်အစီအစဉ်မှ သတင်းထောင် ကိုနောင်ခိုင်အောင်က ပြောသည်။

ယင်အးပြင် အောင်မင်္ဂလာရပ်ကွက်ကို ဝင်ရောက်စစ်ဆေးမှု သတင်းအချက်အလက်များကို မီဒီယာများအနေဖြင့် ထုတ်ပြန်ခြင်း မပြုရန်လည်း ပြည်နယ်ရဲတပ်ဖွဲ့မှ ဖိအားပေးခဲ့ကြောင်း RiA မှ ဦးကျော်စိုးဦးက "ပြည်နယ် ဒုရဲမှူး ဦးသစ်ဆန်းက ဒီကိစ္စကို လုံး၀ သတင်းရေးသားခြင်းမပြုဖို့ ဖိအားပေးပါတယ်။ သူတို့ဘက်က ပေးတဲ့သတင်းအတိုင်းသာရေးဖို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ ပွင့်လင်းမြင်သာမှု မရှိပါဘူး။ ရခိုင်ပြည်နယ်ရဲ့ သတင်းအချက်အလက်မှန်တွေကို အာဏာပိုင်တွေအနေနဲ့ ခုလို ထိမ်ဝှက်ဖို့ သတင်းမီဒီယာတွေကို ဖိအားပေး ကိုင်တွယ်တဲ့အပေါ် ကျနော်တို့ သတင်းထောက်တွေ ကန့်ကွက်သွားမှာပါ" ဟု မဇ္ဈိမကို ပြောကြားခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့၊ ပြည်နယ် ဒုရဲမှူး ဦးသစ်ဆန်းကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ " ကျနော် ဒီကိစ္စကို မသိပါဘူး ခင်ဗျား။ အဲ အဒီမှာ ပါသွားတဲ့ ခရိုင်မှူးတို့ဆီကို ဆက်သွယ်ကြည့်ပါ" ဟု ဖြေကြားခဲ့ပြီး၊ စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူးရုံး သို့ ထက်မံ ဆက်သွယ်ခဲ့ရာတွင် လက်ခံဖြေကြားခဲ့ခြင်း မရှိပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly