အာရှယူ-၁၉အမျိုးသမီးချန်ပီယံရှစ်ခြေစစ်ပွဲတွင် မြန်မာအသင်း ထိုင်းနှင့် တစ်အုပ်စုတည်းကျရောက်

အာရှယူ-၁၉အမျိုးသမီးချန်ပီယံရှစ်ခြေစစ်ပွဲတွင် မြန်မာအသင်း ထိုင်းနှင့် တစ်အုပ်စုတည်းကျရောက်

မေ ၂၀၊ ရန်ကုန်။            ။ ၂၀၁၇ အာရှယူ-၁၉အမျိုးသမီးချန်ပီယံရှစ်ခြေစစ်ပွဲအုပ်စုမဲခွဲမှုကို မေလ ၁၉ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာယူ-၁၉အမျိုးသမီးအသင်းမှာ ထိုင်းအသင်းနှင့်တစ်အုပ်စုတည်း ကျရောက်နေသည်။

မြန်မာယူ-၁၉အမျိုးသမီးအသင်းမှာ အုပ်စု(ဂ)တွင် ထိုင်း၊ ပါလက်စတိုင်း၊ ကာဇက်စတန်အသင်းများနှင့် တစ်အုပ်စုတည်းကျရောက်နေပြီး ခြေစစ်ပွဲစဉ်များကို အောက်တိုဘာ ၂၉မှ နိုဝင်ဘာ ၆ အထိကျင်းပမည်ဖြစ်သည်။ ၂၀၁၇ အာရှယူ-၁၉အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို အသင်း ၈သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ၂၀၁၅ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့သည့် ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယားနှင့် တရုတ်အသင်းတို့မှာ တိုက်ရိုက်ကစားခွင့်ရထားသည်။

အာရှယူ-၁၇အမျိုးသမီးချန်ပီယံရှစ် ခြေစစ်ပွဲကို အသင်း ၁၈သင်းဝင်ရောက်ကစားရမည်ဖြစ်ပြီး အုပ်စု(က)တွင် သြစတြေးလျ၊ ဂျော်ဒန်၊ လက်ဘနွန်၊ စင်ကာပူ၊ မြောက်မာရီယာနာကျွန်းစု၊ အုပ်စု(ခ)တွင် ဥဇဘက်ကစ္စတန်၊ တရုတ်တိုင်ပေ၊ ဟောင်ကောင်၊ တာဂျစ်ကစ္စတန်၊ ပါကစ္စတန်၊ အုပ်စု(ဂ)တွင် မြန်မာ၊ ထိုင်း၊ ပါကစ္စတန်၊ ကာဇက်စတန်၊ အုပ်စု(ဃ)တွင် အီရန်၊ ဗီယက်နမ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ အသင်းတို့ တစ်အုပ်စုတည်းကျရောက် နေသည်။ အုပ်စုလေးစုမှ ထိပ်ဆုံးအသင်းလေးသင်းသာ ခြေစစ်ပွဲအောင်မည်ဖြစ်ပြီး မြန်မာယူ-၁၉အသင်း ပါဝင်သည့် အုပ်စု(ဂ)ပွဲစဉ်များကို ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly