အိန္ဒိယတွင် အပူချိန် ၅၁ ဒီဂရီ စင်တီဂရိတ်အထိ ရောက်ရှိခဲ့ပြီး အပူချိန်စံချိန်သစ်တင်

အိန္ဒိယတွင် အပူချိန် ၅၁ ဒီဂရီ စင်တီဂရိတ်အထိ ရောက်ရှိခဲ့ပြီး အပူချိန်စံချိန်သစ်တင်

မေ ၂၀ ။           ။ အိန္ဒိယ မြောက်ပိုင်းမြို့တစ်မြို့ဖြစ်သော ဖယ်လိုဒီမြို့တွင် မေလ ၁၉ ရက်က နေ့အပူချိန် ၅၁ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်ခဲ့ပြီး နိုင်ငံတွင် အပူဆုံး အတိုင်းအတာအဖြစ် စံချိန်တင်ခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ယင်းအတိုင်းအတာသည် ၁၉၅၆ ခုနှစ်က ရောက်ရှိထားခဲ့သည့် အပူချိန် ၅၀ ဒသမ ၆ ဒီဂရီ စင်တီဂရိတ်ထက် ကျော်လွန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံမြောက်ပိုင်း ရာဂျက်စတန်ပြည်နယ်ရှိ ဖယ်လိုဒီ မြို့တွင် ယင်းနေ့က ရောက်ရှိခဲ့သောနေ့အပူချိန်မှာ ၁၂၃ ဒသမ ၈ ဖာရင်ဟိုက်နှင့် ညီမျှခဲ့သည်။

" မနေ့တုန်းက အပူချိန်က နိုင်ငံမှာ တင်ထားတဲ့ စံချိန်တွေထဲမှာ အပူပြင်းဆုံးဖြစ်ပါတယ်၊ ၅၁ ဒီဂရီတောင် ရှိခဲ့ပါတယ်" ဟု အိန္ဒိယ မိုးလေ ဝသဌာနမှ ဒါရိုက်တာ ဘီပီ ယာဒက်ဗ်က ပြောသည်။

တစ်နှစ်တာ၏အပူပြင်းဆုံးလများဖြစ်သော မေလ နှင့် ဇွန်လများတွင် အိန္ဒိယနိုင်ငံမြောက်ပိုင်း ဒေသများ၏ နေ့အပူချိန်မှာ နှစ်စဉ်နှစ်တိုင်းလိုလို  ၄၀ ဒီဂရီ ထက် ကျော်လွန်လာနေခဲ့ရာ ယခုကဲ့သို့ ၅၀ ဒီဂရီ ကျော်လွန်ခဲ့ခြင်းမှာ ကြုံတောင့်ကြုံခဲ မြင့်တက်ခဲ့ခြင်းပင်ဖြစ်သည်။

လက်ရှိအချိန်တွင် မိုးလေဝသရုံးကလည်း နိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင် အပူလှိုင်းဖြတ်နေသည့် အခြေအနေများ ရှိနေကြောင်း သတိပေးချက်များထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly