တူရကီအာဏာရပါတီက သယ်ယူပို့ဆောင်ရေးဝန်ကြီးကို ၀န်ကြီးချုပ်သစ်အဖြစ် အမည်စာရင်းတင်သွင်း

တူရကီအာဏာရပါတီက သယ်ယူပို့ဆောင်ရေးဝန်ကြီးကို ၀န်ကြီးချုပ်သစ်အဖြစ် အမည်စာရင်းတင်သွင်း

မေ ၂၀ ။           ။ တူရကီ အာဏာရပါတီက သမ္မတ ရီဆက် အာဒိုဂန်၏ မဟာမိတ်တစ်ဦးဖြစ်သော ပို့ဆောင်ရေးဝန်ကြီးကို နိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် မေလ ၁၉ ရက်က အမည်စာရင်းတင်သွင်းလိုက်သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။ လက်ရှိအချိန်တွင် နိုင်ငံအတွက် သမ္မတ အာဒိုဂန်နှင့်အတူ လက်တွဲလုပ်ဆောင်သွားမည်ဟု ဝန်ကြီးချုပ်သစ်ဖြစ်လာသူ ဘင်နာလီ ယီလ်ဒီရင်မ်က ပြောသည်။

လက်ရှိ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဖြစ်သော ဘင်နာလီအား ပါတီဥက္ကဌအဖြစ် တရားဝင်တင်မြောက်ကြောင်း အာဏာရပါတီ AKP က ကြေညာသွားခဲ့ရာ ဘင်နာလီအနေဖြင့် ယင်းပါတီဥက္ကဌရာထူးရရှိသွားခြင်းဖြင့် နိုင်ငံ၏ ဝန်ကြီးချုပ်နေရာကို အလိုအလျောက် ရရှိသွားမည်ဖြစ်သည်။

သမ္မတ အာဒိုဂန် နှင့် အချေအတင်စကားများပြီးနောက်ပိုင်း ရာထူးမှ နှုတ်ထွက်သွားသည်ဆိုသော ဝန်ကြီးချုပ်ဟောင်း အာမက် ဒါဗူတိုဂလူ၏ နေရာတွင် ယခုအခါ ဘင်နာလီက တာဝန်ယူသွားမည်ဖြစ်သည်။

လက်ရှိအချိန်တွင် အာဏာပြင်းသော သမ္မတ အာဒိုဂန်အနေဖြင့် ၎င်းနှင့် သဘောထားမတိုက်ဆိုင်သူများအားဖယ်ရှားကာ သမ္မတရုံးအတွင်း ပိုမိုအာဏာစုစည်းနိုင်ရေး ကြိုးပမ်းနေပြီဖြစ်သည်။

 အသက် ၆၀ ရှိပြီဖြစ်သော ဘင်နာလီမှာ သမ္မတ အာဒိုဂန်၏ အရင်းနှီးဆုံးလူများထဲမှ တစ်ဦးဖြစ်ပြီး ပို့ဆောင်ရေး ဝန်ကြီး တာဝန်ယူထားခဲ့သူဖြစ်သည်။

" ကျွန်တော်တို့အနေနဲ့ အဆင့်လယ်ဗယ်တိုင်းမှာရှိတဲ့ ပါတီရဲ့ ရဲဘော်ရဲဘက်တွေနဲ့ စုစုစည်းစည်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်" ဟု ဝန်ကြီးချုပ်သစ်အဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဘင်နာလီက ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly