ကျောက်မဲ၊ သီပေါမှ ဒုက္ခသည်များ နေရပ်ပြန်သော်လည်း လုံခြံုမှုမရှိသေး

ကျောက်မဲ၊ သီပေါမှ ဒုက္ခသည်များ နေရပ်ပြန်သော်လည်း လုံခြံုမှုမရှိသေး

ချင်းမိုင်၊ မေ ၁၉ ။               ။ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနှင့် သီပေါမြို့ပေါ်သို့ ထွက်ပြေးလာသော စစ်ပြေးဒုက္ခသည်များ နေရပ်သို့ ပြန်သွားကြပြီ ဖြစ်သော်လည်း   ကျေးရွာဘုန်းကြီးကျောင်းများ တွင်မူ  စစ်ပြေးဒုက္ခသည်များ ထပ်မံ ထွက်ပြေးနေရသည်ဟု စစ်ပြေး ဒုက္ခသည်များအား ကူညီနေသူများထံမှ သိရသည်။

ကျောက်မဲမြို့ပေါ်တွင် အစောပိုင်းက စစ်ပြေးဒုက္ခသည် ၁၀၀၀ ကျော်ရှိရာမှ ယနေ့တွင် ၂၄ ဦးသာ ကျန်နေပြီ ဖြစ်ကြောင်း “ကျနော်တို့ ကျောက်မဲမြို့ပေါ် ဝါဆိုဘုန်းကြီးကျောင်းမှာတော့ ၂၄ ယောက်ဘဲ ရှိတော့တယ်ဗျ”ဟု ကျောက်မဲမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က မဇ္ဈိမကို ပြောသည်။

ကျောက်မဲမြို့ပေါ်မှ စစ်ပြေးဒုက္ခသည်များ ပြန်သွားသော်လည်း မေလ ၁၂ ရက်က မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်တိုး တက်ရေးပါတီ(SSPP/SSA) ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် နောင်ပိန်၊ ခိုအုံ၊ ပန်လော့ စသည့် ကျေးရွာများသို့ စစ်ပြေး ဒုက္ခသည်များ ထပ်မံ ရောက်ရှိလာသည်ဟု ဇီဝိတ လူမှုအကူအညီပေးရေးအဖွဲ့မှ ဦးတင်မောင်သိန်းက ပြောသည်။

“အခုနောက်ပိုင်း ပြန်လာတဲ့လူတွေက မြို့ပေါ်ကို မလာတော့ဘူး။ ၁၂ ရက်က ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ကျောက်မဲနားနီးတဲ့ ရွာတွေမှာ ရောက်လာတာ။ မြို့ပြင် နောက်ပိန်၊ ခိုအုံ၊ ပန်လော့ရွာတွေမှာရှိတယ်။ သုံးနေရာပေါင်းဆိုရင် ၆၀၀ ပတ်ဝန်းကျင်လောက်ရှိမှာပါ”ဟု သူက မဇ္ဈိမကို ပြောသည်။

အလားတူ မြို့ပြင် ကျောက်မဲမြို့နယ် တော့ဆန်အုပ်စု တော့ဆန်ဘုန်းကြီးကျောင်း၊ ပန်လော့ဘုန်းကြီးကျောင်းများတွင် စစ်ပြေးဒုက္ခသည်များ ထပ်မံ ရောက်ရှိလာနေသည်ဟု ကျားခေါင်းပါတီမှ ဦးစိုင်းသန်းမောင်က ပြောသည်။

“ခုက မြို့ထဲကို မလာတော့ဘူး။ ရွာက ကျောင်းတွေမှာဘဲ လာကြတယ်။ တိုက်ပွဲက ကျောက်မဲကနေ တောင်ဘက်ခြမ်း မိုင် ၄၀ ဖြစ်တာ။ မိုင် ၂၀ လောက်ဝေးတဲ့ ပန်လော့ ဘုန်းကြီးကျောင်းမှာ ထွက်ပြေး ခိုလှုံလာကြတယ်။ အဲဒီမှာ မနေ့က ၂၀၀ ကျော်ရှိပါတယ်။ တော့ဆန်က ရွာမဘုန်းကြီးကျောင်းဆိုရင် ကိုယ့်ဒကာကို ကာကွယ်ရပေးရမယ်ဆိုတဲ့ပုံစံလုံးဝ မရွှေ့ဘူး”ဟု သူက ပြောသည်။

လတ်တလော ကျောက်မဲမြို့မှ တောင်ဘက်ခြမ်းတွင် မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) နှင့် တိုက်ပွဲဖြစ်ပွားနေပြီး၊ ကျောက်မဲမြို့ ၏ အနောက်ဘက်ခြမ်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA)နှင့်တိုက်ပွဲ ဖြစ်ပွားနေကာ ကျောက်မဲမြို့၏ မြောက်ဘက်ခြမ်းတွင် TNLA နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တို့ သုံးဖက်စလုံးတွင် တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု သူက ပြောသည်။

မေလ ၁၈ ရက်ကလည်း သီပေါမြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA) ဝမ်ဟိုင်းဌာနချုပ် အနောက်မြောက်ဘက်ရှိ ၎င်းတို့၏ တပ်မစခန်းများကို   မြန်မာ့တပ်မတော်တို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

မေလဆန်းပိုင်းက တိုက်ပွဲကြောင့် သီပေါမြို့ပေါ်သို့ ထွက်ပြေးလာသော ဒုက္ခသည် ၅၀၀ ကျော်မှ တစ်ချို့ နေရပ်သို့ ပြန်နေကြပြီ ဖြစ်သော်လည်း သီပေါမြို့နယ် နမ့်မဘက်မှ စစ်ပြေးဒုက္ခသည် ၂၀၀ ခန့်သည် ယနေ့ မေလ ၁၉ ရက် ညနေတွင် ထပ်မံ ရောက်ရှိလာမည် ဖြစ်ကြောင်း သီပေါမြို့မှ ဇာတ်စု လူမှုကူညီပေးရေးအဖွဲ့မှ ကိုမျိုးက ပြောသည်။

“အခု အရင် ၃ ရက်က ရောက်နေတဲ့ လူတွေကတော့ ဘောဂျိုမှာ ၂၂၅ ကနေ ၁၅၃ ယောက်ကျန်တယ်။ ရတနာရွှေဂူမှာ ၃၅၂ ယောက်ရှိတာ။ အဲဒီထဲက ဒီနေ့လည်း ထပ်ပြန်မဲ့လူတွေရှိတယ်။ ဒီနေ့ ညနေကို နမ့်မ ဘက်ကနေ အယောက် ၂၀၀ လောက်ထပ်ရောက်လာမယ်။ အခုထပ်ရောက်မဲ့လူတွေက သီပေါမြို့အထွက်နားက မြို့ဟောင်းေ ကျေးရွာကိုလာမယ်။ အဲဒီအတွက် ကျနော်တို့ သွားလုပ်ပေးရမယ်”ဟု ၎င်းက ပြောသည်။

လတ်တလော စစ်ပြေးဒုက္ခသည်များ စားရေးသောက်ရေးအတွက် အဆင်ပြေနေသော်လည်း ရေရှည် နေထိုင်ရေးအတွက်မူ အဆင်မပြေကြောင်း သူက ပြောသည်။

မေလ ၁ ရက်မှစတင်၍ ကျောက်မဲမြို့နယ်အတွင်း TNLAနှင့် RCSS တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် စစ်ပြေးဒုက္ခသည် ၂၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရာမှ တစ်ချို့ နေရပ်ပြန်သွားပြီဖြစ်သော်လည်း မေလ ၁၂ ရက်မှစတင်ကာ SSPP တပ်စခန်းများအား မြန်မာ့တပ်မတော်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်၍ လေယာဉ်များ အသုံးပြု၍ တိုက်ခိုက်နေသဖြင့် စစ်ပြေးဒုက္ခသည်များ ရာချီ ထပ်မံ ထွက်ပြေးနေရပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly