ဆက်တိုက်မီးပျက်နေသည့် ရန်ကုန်မြို့တွင် မီတာခ ၂ဆကျော် ပိုဆောင်နေရ

ဆက်တိုက်မီးပျက်နေသည့် ရန်ကုန်မြို့တွင် မီတာခ ၂ဆကျော် ပိုဆောင်နေရ

ရန်ကုန်၊ မေ ၁၈ ။                   ။ ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အချို့တွင် နေ့စဉ် မကြာခဏဆိုသလို မီးပျက်နေသော်လည်း မီတာခမှာမူ နှစ်ဆ မြင့်တက်ကာ ပေးဆောင်နေရသည်။

ဖေဖော်ဝါရီလက သုံးစွဲသည့် မီတာခ နှင့် မီတာထိန်းသိမ်းခအပါ ကျပ် ၂သောင်းခွဲ ဝန်းကျင်ပေးဆောင်ရသော်လည်း မတ်လအတွက် မီတာသုံးစွဲခသီးသန့် သုံးသောင်းခွဲ၊ ဧပြီလ အတွက်ကို ကျပ် ခုနှစ်သောင်းပေးဆောင်ခဲ့ရသည်ဟု ပုဇွန်တောင်မြို့နယ် (၇)ရပ်ကွက်နေ ဦးစိုးဝင်းငြိမ်းက မဇ္ဈိမကို ပြောသည်။
 
“ဧပြီလတုန်းက သြင်္ကန်တွင်း မီးကလည်းပျက်တယ်။ ဘာမှလည်း လုပ်စရာလည်းသိပ်မရှိဘူး။ အရင်ထဲက အိမ်မှာက အဲယားကွန် ၃လုံးနဲ့ ဒါပဲရှိတာ၊ ဘာမှအပိုမရှိဘူး မီးတွေ ပျက်နေတဲ့ ကြားက ၂ဆလောက်ကို ဆောင်နေရတယ် အခုဆိုနေရာတိုင်းမှာလိုလို မီတာပျက်ပြီး ၂ဆလောက်ပိုဆောင်နေရတယ်”ဟု ၎င်းကပြောသည်။
 
သင်္ကန်ကျွန်း ငမိုးရိပ် ရပ်ကွက်နေ မပန်းမြတ်ကလည်း “မီးကလည်းမမှန်ဘူး။ ပြီးတော့ အိမ်မှာလည်း နေဖြစ်တာမဟုတ်ဘူး။ အရင်လက သုံးထောင်ဆောင်ရတယ်။ အခုလ လေးထောင်ကျော်ကျတယ်”ဟု ပြောသည်။

ထိုကဲ့သို့ မီတာခ နှစ်ဆ၊ သုံးဆ ပေးဆောင်နေရခြင်းသည် တစ်နေတည်းမဟုတ်ဘဲ ရန်ကုန်မြို့တွင်း မြို့နယ်အတော်များများတွင် ဖြစ်နေကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။ ယင်းအပြင် လူမှုကွန်ယက် စာမျက်နှာတွင်လည်း မီတာခပေးဆောင်ထားသည့် စာရွက်နှင့်တကွ ဝေဖန်မှုများလည်း ထွက်ပေါ်လျက် ှရှိသည်။
 
သကေတမြို့နယ် ၂ရက်ကွက်မှ ပြည်သူတစ်ဦးက မတ်လအတွက် မီတာခ ရှစ်ထောင်ကျော် ဆောင်ရပြီး ဧပြီလအတွက် တစ်သောင်းရှစ်ထောင်ကျော်ပေးဆောင်ရသည်ဟု ပြောသည်။

“အဲဒါကို အံ့သြနေတာ။ မီတာဖတ်တဲ့သူလာပေးတုန်းက အိမ်ကကလေးက ယူထားတော့မမေးမိလိုက်ဘူး။ မီတွေ ပျက်ပြီး ဘာကြောင့် အဲလောက် ဆောင်ရလဲမသိဘူး”ဟု ၎င်းကပြောသည်။

ထိုသို့ ဝေဖန်မှုများနေသည့်ကိစ္စကို ရန်ကုန်တိုင်း၊ လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဒါရိုက်တာအဖွဲ့ဝင် ဦးထွန်းထွန်းဆွေကို မဇ္ဈိမက သွားရောက်မေးမြန်းထားသည်။ “တကယ်သုံးလို့ကျတာပါ”ဟု ဦးထွန်းထွန်းဆွေက ပြောသည်။

ဧပြီလတွင် ရာသီဥတုပူပြင်းပြီး ရုံးပိတ်ရက်များသဖြင့် အိမ်တွင်အနေများပြီး လျှပ်စစ်မီးကို ယခင်လများထက် သုံးစွဲလေ့ရှိသည့်အတွက် မီတာခမှာ ပိုမိုကျခံရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

လူမှုကွန်ယက်စာမျက်နှာတွင် ဝေဖန်ထားသကဲ့သို့ လျှပ်စစ်မီတာခ နှစ်ဆပေးဆောင်ရမှုကို သံသယရှိပါက လျှပ်စစ်ဓာတ်အားပေးအဖွဲ့ထံ အကြောင်းကြားနိုင်ပြီး လျှပ်စစ် စစ်ဆေးရေးဝန်ထမ်းများက သုံးစွဲမှုပမာဏကို စစ်ဆေးတွက်ချက်ပေးမည်ဟု ၎င်းက ဆိုသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီ လမှ မေ ၄ရက်နေ့အထိကို ဓာတ်အားစနစ် ပြတ်တောက်မှုမှာ System Break dowm ကိုးကြိမ်အထိ ဖြစ်ပွားခဲ့ခြင်းကြောင့် ဖြစ်သည်ဟု လျှပ်စစ်ဝန်ကြီးဌာနက နိုင်ငံပိုင်   ကြေးမုံသတင်းစာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly