ဂျပန်ခြေစမ်းခရီးတွင် မြန်မာအမျိုးသမီးအသင်း နိုင်ပွဲမရသေး

ဂျပန်ခြေစမ်းခရီးတွင် မြန်မာအမျိုးသမီးအသင်း နိုင်ပွဲမရသေး
မြန်မာအမျိုးသမီးအသင်းနှင့် ကာနာဂါဝါအသင်းတို့ခြေစမ်းပွဲမကစားမီတွေ့ရစဉ်။(ဓာတ်ပုံ- MFF)

မေ ၁၉၊ ရန်ကုန်။                 ။မေလ ၅ရက်မှ စတင်ကာ ဂျပန်နိုင်ငံသို့ရောက်ရှိနေထိုင်လေ့ကျင့်နေသော မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည်   ခြေစမ်းပွဲကစားပြီးချိန်အထိ   နိုင်ပွဲမရသေးပဲ တစ်ပွဲသရေ၊ နှစ်ပွဲရှုံးရလဒ်သာရရှိထားသည်။

မြန်မာအမျိုးသမီးအသင်းမှာ ဂျပန်ခြေစမ်းခရီးစဉ်အတွင်း ပထမဆုံးခြေစမ်းပွဲအဖြစ် မေလ ၁၁ရက်က ကာနာဂါဝါအသင်းနှင့်တစ်ဂိုးစီသရေကျခဲ့ပြီး မြန်မာအသင်းအတွက် လှယဉ်ဝင်းက ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ဒုတိယခြေစမ်းပွဲအဖြစ် မေလ ၁၅ရက်က တရုတ်တိုင်ပေအသင်းနှင့်ကစားခဲ့ရာ ၂ - ၀ ဂိုးဖြင့်ရှုံးခဲ့သည်။ ထို့နောက် တတိယမြောက်ခြေစမ်းပွဲအဖြစ် မေလ ၁၈ရက်က ရှီဇိုကာတက္ကသိုလ်အသင်းနှင့်ကစားခဲ့ရာ ၂ - ၁ ဂိုးဖြင့် ရှုံးခဲ့ပြီး မြန်မာအသင်းအတွက် တိုက်စစ်မှူး ရီရီဦးက သွင်းယူခဲ့သည်။ မြန်မာအမျိုးသမီးအသင်းမှာ ဂျပန်ခြေစမ်းခရီးစဉ်အတွက် နောက်ထပ်ခြေစမ်းပွဲများအဖြစ် မေလ ၂၃ရက်တွင် JEF United အသင်း၊ မေလ ၂၄ရက်တွင် Seisa Gakuen အသင်းတို့နှင့်ဆက်လက်ကစားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၆အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းအောင်မြင်မှုရရန်အတွက် ဂျပန်နိုင်ငံသို့သွားရောက်နေထိုင်ကာ ပြင်ဆင်နေခြင်းဖြစ်ပြီး ဇွန်လ ၇ရက်နှင့် ၉ရက်များတွင် ကိုရီးယားအမျိုးသမီးလက်ရွေးစင်အသင်း၊ ဇူလိုင် ၉ရက်တွင် ထိုင်းအမျိုးသမီးလက်ရွေးစင်အသင်းများနှင့်လည်း ခြေစမ်းပွဲကစားရန် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly