ဘိုကိုဟာရမ်တို့၏ နှစ်နှစ်ကြာ ဖမ်းဆီး ခံခဲ့ရပြီးနောက် နိုင်ဂျီးရီးယား ကျောင်းသူတစ်ဦး ပြန်လည်လွတ်မြောက်လာ

ဘိုကိုဟာရမ်တို့၏ နှစ်နှစ်ကြာ ဖမ်းဆီး ခံခဲ့ရပြီးနောက် နိုင်ဂျီးရီးယား ကျောင်းသူတစ်ဦး ပြန်လည်လွတ်မြောက်လာ

မေ ၁၉ ။             ။ နိုင်ဂျီးရီးယားနိုင်ငံတွင် ပြီးခဲ့သည့် နှစ်နှစ်ခန့်က ဘိုကိုဟာရမ် အကြမ်းဖက်အုပ်စု ပြန်ပေးဆွဲထားခဲ့သော ကျောင်းသူ ၂၀၀ ကျော်ထဲမှ တစ်ဦးအပါအဝင်ဖြစ်သော ကျောင်းသူတစ်ဦးကို ယခုအခါ စစ်တပ်က ပြန်လည်ကယ်တင်နိုင်ခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ယင်းအချိန်က ချီဘော့ဂ်မြို့ရှိ စာသင်ကျောင်းတစ်ကျောင်းကို အဆိုပါ အကြမ်းဖက်အုပ်စုက ဝင်ရောက်စီးနင်းပြီး ကျောင်းသူ ၂၀၀ ကျော်ကို ပြန်ပေးဆွဲသွားခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်း ကျောင်းသူ တစ်ဒါဇင်ခန့် ပြန်လည် လွတ်မြောက်လာခဲ့သော်လည်း အခြား ကျောင်းသူ ၂၀၀ ကျော်မှာ ယနေ့အချိန်အထိ အကြမ်းဖက်သမားများ၏ လက်တွင်း၌ ကျရောက်နေဆဲဖြစ်သည်။

ယခုအခါ စစ်သားများနှင့် အရပ်ဘက်လုံခြုံရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ နိုင်ငံအရှေ့မြောက်ပိုင်း ဝေးလံခေါင်းပါးသော ဒမ်ဘိုအာအရပ်အနီး အဆိုပါ ကျောင်းသူမိန်းကလေးအား သူမ၏ လေးလသားအရွယ် ကလေးငယ်နှင့်အတူ ရှာဖွေ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဆန်နီ အူစမန်က ပြောသည်။ ယင်းမိန်းကလေးတို့ သားအမိနှင့်အတူ ဘိုကိုဟာရမ် စစ်သွေးကြွတစ်ဦးဟု ယူဆရသူ အမျိုးသားတစ်ဦးကိုပါ တစ်ပါတည်း ထိန်းသိမ်းခဲ့ရသည်ဟု ဆိုသည်။ ၎င်းအမျိုးသားမှာလည်း ကျောင်းသူမိန်းကလေး၏ ခင်ပွန်းဖြစ်နေပြီဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု သိရသည်။

" စစ်ဆေးချက်တွေအရတော့ ဒီမိန်းကလေးက လွန်ခဲ့တဲ့ ၂၀၁၄ ဧပြီ ၁၄ ရက် ချီဘော့ဂ်စာသင်ကျောင်းက ကျောင်းသူတွေထဲက တစ်ဦးဆိုတာ သေချာနေပါပြီ" ဟု အူစမန်က ပြောသည်။

အေမီနာ အလီ ဒါရှာ ဆိုသူ အဆိုပါမိန်းကလေး၏ ပြောကြားချက်များအရ သူမ၏ အတန်းဖော် ကျောင်းသူ ၂၀၀ ကျော်မှာ ဘိုကိုဟာရမ်တို့၏ အမာခံနယ်မြေ ဆမ်ဘီဆာ သစ်တောထဲတွင် ရှိနေကြောင်း သိရသည်။

ယခုကယ်တင်နိုင်ခဲ့သော မိန်းကလေးမှာ မကြာမီ သမ္မတ မူဟာမာဒူ ဘူဟာရီ နှင့် တွေ့ဆုံသွားမည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly