ချောင်းဦးတွင် ဗိုလ်ချုပ်ကြေးရုပ်အတွက် မြေနေရာ တစ်နှစ်ကျော်ကြာမှ ပြေလည်မှုရရှိ

ချောင်းဦးတွင် ဗိုလ်ချုပ်ကြေးရုပ်အတွက် မြေနေရာ တစ်နှစ်ကျော်ကြာမှ ပြေလည်မှုရရှိ
ဓာတ်ပုံ-မာန်ဇာမြေမွန်

မုံရွာ၊ မေ ၁၈ ။               ။ မုံရွာခရိုင် ချောင်းဦးမြို့နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူရန်အတွက် မြေနေရာ လိုအပ်ချက် အငြင်းပွားလျက် ရှိရာ ၁ နှစ်ကျော်ကြာမှ   ပြေလည်မှုရရှိသွားပြီဖြစ်သည်။

ကြေးရုပ်စိုက်ထူရန်အတွက် ၂၀၁၅ ခုနှစ်၊ ဧပြီလအတွင်းကစတင်ကာ မြေနေရာ တောင်းခံခဲ့သော်လည်း ဦးစားပေးနေရာ မဟုတ်ခဲ့သည့်အတွက် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

"နေရာ သုံး နေရာကို လျောက်ခဲ့တယ်။ ပထမဦးစားပေးနေရာ မဟုတ်ခဲ့ဘူး။ ဒါ့ကြောင့် ကြေးရုပ်မစိုက်ထူသေးဘဲ မြေနေရာ အငြင်းပွားခဲ့ရတယ်။ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း တို့ဆုံရာ လမ်းဆုံကို ရွေးချယ်ထားပါတယ်။" ဟု ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီ နာယက  ဦးအောင်သန်းက ပြောသည်။

ပထမဦးစားပေးနေရာအဖြစ် ချောင်းဦး-ပခုက္ကူ လမ်းခွဲ၊ ဒုတိယဦးစားပေးနေရာအဖြစ် ဈေးအရှေ့ဘက်၊ တတိယဦးစားပေးအဖြစ် နွယ်ခွေကျေးရွာ လမ်းခွဲ၊ စသဖြင့် သုံးနေရာအား တောင်းဆိုခဲ့ရာ ဒုတိယဦးစားပေးနေရာကို ပေးခဲ့သည့်အတွက် ကြေးရုပ်မစိုက်ထူသေးဘဲ ပထမဦးစားပေး နေရာအား စောင့်ဆိုင်းခြင်းဖြစ်သည်။
    
ယခုအခါတွင် ပထမဦးစားပေးနေရာကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မြေနေရာ သက်မှတ်ပေးခဲ့သည့်အတွက် ယင်းနေရာတွင် ကြေးရုပ်စိုက်ထူမည်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်အရွယ်အစားသည် ၇ ပေ ၈ လက်မ နှင့် ခွာ အမြင့် ၄ လက်မ ဖြစ်ပြီး ကျပ်သိန်း ၈၀ ကုန်ကျ ခဲ့ကြောင်း၊ ဖွင့်လှစ်စိုက်ထူပြီးချိန်ထိ ကျပ်သိန်း ၁၀၀ ကျော်ခန့်ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း နှစ်တရာပြည့် မွေးနေ့ကျရောက်ခဲ့သော ၂၀၁၅ ခုနှစ်အတွင်း အဆိုပါကြေးရုပ် စိုက်ထူနိုင်ရန်အတွက် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ အလှူခံခြင်း စည်းရုံးလှုံ့ဆော်ခြင်း တို့ပြုလုပ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly