ထိတ်လန့်ဖွယ်ကောင်းတဲ့ စက်မှုဇုန်များရဲ့အခြေအနေ

ထိတ်လန့်ဖွယ်ကောင်းတဲ့ စက်မှုဇုန်များရဲ့အခြေအနေ

မနေ့က ထုတ်ဝေတဲ့ သတင်းစာတစ်စောင်မှာ မုံရွာစက်မှုဇုန်ရဲ့ နောက်ဆုံးအခြေအနေကို ဖတ်ရပါတယ်။ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် စက်မှုဇုန်လို့ အမည်တပ်လို့ပင် မရလောက် အောင် အခြေအနေ ဆိုးဝါးနေတာကို တွေ့ကြရပါတယ်။

မုံရွာစက်မှုဇုန် စတင်ထူထောင်စဉ်က စက်ရုံ ၆၀၀ ကျော် ရှိသည့်အနက် ယခုအခါမတော့ စက်ရုံ ၂၇၀ ခန့်သာ လုပ်ငန်းလည်ပတ်လျက် ရှိတော့သည့်အကြောင်း၊ စက်ရုံ ၃၃၀ ကျော် ပိတ်လိုက် ရပြီဖြစ်ကြောင်းနဲ့ ယခင်က ချည်မျှင်စက်ရုံ ၁၀၀ ကျော်ရှိရာက ယခုအခါ ၁၀ ရုံသာ ကျန်ရှိတော့ ကြောင်း ဖတ်လိုက်ကြရပါတယ်။ အံ့သြထိတ်လန့်ဖွယ်ကောင်းလောက်အောင် ဆုတ်ယုတ်လျော့ နည်းသွားရတဲ့ မုံရွာစက်မှုဇုန်ရဲ့အခြေအနေဟာ ဘာကို ပြဆိုနေပြီလည်း။ တွေးစရာပါ။

မုံရွာစက်မှုဇုန် ဘာပြုလို့ ဒီလိုအခြေအနေ ဆိုးသွားရတာလည်းဆိုတဲ့ အချက်ကိုတော့ ကုန်ကြမ်း ခက်ခဲလာခြင်းနဲ့ ထွက်လာတဲ့ ကုန်ချောအတွက် ခိုင်မာတဲ့ ဈေးကွက်မရှိလို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအချက်ဟာ စက်မှုဇုန်တစ်ခု ဆုတ်ယုတ် ပျက်စီးမလို ဖြစ်ရခြင်းအတွက် ခိုင်လုံပြည့်စုံတဲ့ အကြောင်းပြချက်တော့ မဟုတ်ပါဘူး။

၁၉၈၈ ခုနောက်ပိုင်း စစ်အစိုးရဟာ စက်မှုဇုန်တွေ ထူထောင် ဖွင့်လှစ်လာခဲ့ပါတယ်။ စက်မှုဇုန် တွေမှာ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေ ဖိတ်ခေါ်ပြီး စက်မှုဇုန်တွေ အသက်ဝင်အောင်လုပ်ခဲ့ပါတယ်။ စက်မှုဇုန်တွေ အောင်မြင်ထွန်းကားနေတဲ့ သတင်းတွေကို အစိုးရပိုင် မီဒီယာတွေကတဆင့် စဉ်ဆက် မပြတ် ဖေါ်ပြပေးခဲ့ကြပါတယ်။ စက်မှုဇုန် လုပ်ငန်းခွင် သတင်းတွေဆိုတာ အမြဲတန်းလိုလို တွေ့ကြရပါ တယ်။ စက်မှုဇုန်ထုတ် ဂျစ်ကားဆိုရင် ကြော်ညာလို့ မဆုံးအောင် အသံကျယ်ကျယ် ကြွားခဲ့ကြတာပဲ။ ဒီလို အောင်မြင်ထွန်းကားနေပါတယ်ဆိုတဲ့ သတင်းတွေကို တောက်လျောက် မြင်နေရ ကြားနေရတာ ဖြစ်လို့လည်း အရပ်သားအစိုးရ လက်ထက်ရောက်လို့ အရုပ်ဆိုးလှတဲ့ စက်မှုဇုန် သတင်းတွေကို ပုဂ္ဂလိကပိုင် သတင်းစာတွေက အခုလို ဖေါ်ပြလာတဲ့အခါ လူတိုင်း အံ့သြတုန်လှုပ် ဖြစ်ကြရတော့တာ ပဲပေါ့။

ဒီလို စက်ရုံတွေ ပိတ်ထားလိုက်ကြရတဲ့အဖြစ်ကို ကြားရတဲ့အခါ လွန်ခဲ့တဲ့ နှစ်သုံးဆယ် လောက်က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက် စက်ရုံတွေ တစ်ခုပြီးတစ်ခု ပိတ်ထား လိုက်ကြရ မြန်မာ့စီးပွားရေး ပျက်ပြားခဲ့ကြရတဲ့ခေတ်ကို ပြန်တွေးမိလာပါတယ်။

ဒီတုန်းက စက်မှုဝန်ကြီးဌာန တာဝန်ရှိသူတချို့ဟာ နိုင်ငံရပ်ခြားထွက်ပြီး စက်ရုံတွေ ဝယ်ကြရ ပါတယ်။ သူတို့ဝယ်တဲ့ စက်ရုံတွေဟာ ကာယကံရှင် တိုင်းပြည်တွေမှာ နည်းပညာနိမ့်လို့ အသုံးမပြု တော့တဲ့ စက်ရုံတွေ ဖြစ်နေတတ်ပါတယ်။ တခါ ကိုယ့်တိုင်းပြည်မှာ ပြန်လည်တပ်ဆင် လည်ပတ်တဲ့ အခါ အပိုပစ္စည်းကအစ ဘယ်မှာမှ သွားဝယ်လို့ မရတော့တာမျိုး၊ ကိုယ့်တိုင်းပြည်မှာရှိတဲ့ ကုန်ကြမ်းနဲ့ ကိုက်ညီမှုမရှိလို့ လည်ပတ်လို့မရတာမျိုးနဲ့ ဈေးကွက် မရှိတာမျိုးတွေကြောင့် အခက်အခဲတွေ တောက်လျှောက် ကြုံခဲ့ကြရတာချည်းပါပဲ။ ဒီလို ပေါပေါပဲပဲ စက်ရုံတွေ ဘာဖြစ်လို့ ဝယ်ခဲ့ရသလဲဆို တော့ အဂတိလိုက်စားပြီးမှ ဝယ်ခဲ့ကြတာဖြစ်တယ်လို့လည်း သတင်းတွေ ထွက်ခဲ့ပါတယ်။

ဒါပေမယ့်လည်း မဆလ အစိုးရလက်တက်တုန်းကလည်း စက်ရုံတွေ အရှိန်အဟုန်နဲ့ လည်ပတ်နေတဲ့ သတင်းတွေ အောင်မြင်နေတဲ့ သတင်းတွေကို အစိုးရသတင်းစာတွေမှာ နေ့စဉ် အဆက်မပြတ် ဖေါ်ပြနေခဲ့ကြတာချည်းပါပဲ။ နောက်ဆုံး ရှစ်လေးလုံး လူထုအုံကြွမှုကြီး ပေါ်လာကာ နီးမှပဲ တိုင်းပြည်နဲ့အဝှမ်း စက်ရုံတွေ မလည်ပတ်နိုင်တော့တဲ့သတင်းကို တိုင်းပြည်က အမှန်အတိုင်း သိလာကြရတာ ဖြစ်ပါတယ်။ တိုင်းပြည်စီးပွားရေးလည်း ချွတ်ခြုံကျရတော့တာပါပဲ။

အခုလည်း ယခင်စစ်အစိုးရလက်ထက် စစ်အစိုးရပိုင် သတင်းမီဒီယာတွေမှာ စက်မှုဇုန်တွေ အောင်မြင်တိုးပွားနေတဲ့အကြောင်း စဉ်ဆက်မပြတ် ဖေါ်ပြနေခဲ့ကြတာပါပဲ။ အခုမှ အရပ်သားအစိုးရ တက်လာတဲ့အခါ စက်မှုဇုန်က စက်ရုံတွေ ရုပ်ဆင်းပျက်လောက်အောင် ပိတ်ထားရပြီဆိုတဲ့သတင်းကို စတင် ကြားလာကြရတာ ဖြစ်ပါတယ်။

အခုတော့ အရပ်သားအစိုးရအနေနဲ့ စက်မှုဇုန်များရဲ့ အခက်အခဲကို မလွဲမသွေ ကိုင်တွယ် ဖြေရှင်းကြရတော့မှာ ဖြစ်ပါတယ်။ အကယ်၍များ စက်မှုဇုန်များကို ဆက်လက်လည်ပတ်နိုင်ဖို့ဆို ရင်တော့ အခြေခံလိုအပ်ချက်ကြီးဖြစ်တဲ့ လျပ်စစ်မီးပြဿနာနဲ့ အခြား အခြေခံလိုအပ်ချက်များကို သေချာစွာ စီစဉ်တွက်ချက်ပြီးမှသာ စက်ရုံများ ပြန်လည်ခေါင်းမော့လာနိုင်မှာဖြစ်ကြောင်း တင်ပြလိုက် ပါတယ်။

Mizzima Weekly