သီလဝါ အထူးစီးပွားရေးဇုန်အတွင်းရှိ ဒေသခံများက လယ်ယာမြေသိမ်းဆည်းခြင်းကိစ္စရပ်များကို ဒေသခံများလက်ခံကျေနပ်သည်အထိ ဥပဒေနှင့် အညီ ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် ဥပဒေနှင့် အညီ မဖြေရှင်းနိုင်သည့် ကာလအတွင်း သီလဝါ အထူးစီးပွားရေး ဇုန်နှင့် သက်ဆိုင်သည့် မြေယာသိမ်းဆည်းမှုများကို ရပ်တန့်ထားရန် မေတ္တာရပ်ခံထားသည်။
ယင်းကဲ့သို့ မေတ္တာရပ်ခံခြင်းကို မေလ ၁၆ ရက်က နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်သော လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ဖွဲ့စည်းခြင်း အပေါ် သီလဝါဒေသခံများ၏သဘောထားထုတ်ပြန်ချက် ခေါင်းစဉ်ဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။
ကြေညာချက်တွင် မြန်မာနိုင်ငံတွင် စီမံကိန်းများအတွက် လိုအပ်သည့် မြေများကို သိမ်းဆည်းရာတွင် ပွင်လင်းမြင်သာမှုမရှိဘဲ လိုအပ်သည့် ဥပဒေ လုပ်ထုံးလုပ်နည်းများကို မလိုက်နာသည့်အတွက် မြေယာအငြင်းပွားမှု များစွာရှိနေသည်ဟုလည်း ဖော်ပြထားသည်။
သီလဝါ ဒေသခံ ဦးမြလှိုင်က “ သူတို့က ၁၉၉၆/ ၉၇ တုန်းက တရားဝင် ဥပဒေအရ သိမ်းခဲ့ပါတယ်လို့ပြောတယ်။ အဲ့တာကိုက သဘာဝမကျတာ။ အဲမှာလွဲနေတာ။ မှန်ကန်မှုမရှိဘူး။ လျှော်ကြေးပေးတာတွေကလည်း မမျှတပါဘူး ”ဟုပြောသည်။
သီလဝါဒေသခံများ၏ လယ်ယာမြေများကို ၁၉၉၆/၉၇နှစ်တွင် အထူးစီပွားရေးဇုန်အတွက် ဟူသော ခေါင်းစဉ်ဖြင့် သိမ်းဆည်းကာ ၎င်းမြေယာပေါ်တွင် သီးစားငါးနှစ် ချထားကာ ပြန်လည်လုပ်ကိုင်ခွင့်ပေးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် တစ်ဖန် သီးစားမြေ လုပ်ကိုင်ခွင့်မပေးပဲ သီလဝါ အထူးစီးပွားရေးဇုန် ဟတ်တာ ၄၀၀ ကို စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
သီလဝါဒေသခံ ဦးမြလှိုင်က ယခင်အစိုးရလက်ထက်က ဖွဲ့စည်းခဲ့သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီက ရေးသားထားသည့် အစီရင်ခံစာ ၁, ၂,၃ ကို ဆန်းစစ်လေ့လာ၍ ဥပဒေအတိုင်း ဆောင်ရွက်ပေးစေချင်ပါသည်ဟု ပြောသည်။
ကြေညာချက်တွင် ၁၉၉၆/၉၇နှစ်နှင့် နှင့် ၂၀၁၃ ခုနှစ်တို့တွင် မြေယာ သိမ်းဆည်းရန် ကြိုးပမ်းခဲ့ရာ၌ ၁၉၈၄ ခုနှစ် မြေသိမ်းအက်ဥပဒေပါမြေသိမ်းလုပ်ထုံးလုပ်နည်းများနှင့် မြန်မာ့ပြည်တွင်း
ဥပဒေအရ လိုအပ်သော လုပ်ထုံးလုပ်နည်းများကို လျစ်လျူရှုခဲ့ကြသည်ဟုဖော်ပြပါရှိသည်။
သီလဝါဒေသခံ ဦးအေးဌေးက “ သူတို့ ၁၉၉၆ / ၉၇ သိမ်းတုန်းက တစ်ဧကကို ၂သောင်းပေးပြီးသိမ်းသွားတာ။ အဲ့တုန်းကတော့ အားလုံးငြိမ်နေရတာပေါ့။ ဖလမ်း အခုတော့ အေးသီတာ နံမည်နဲ့ပေါ့။ အဲ့ရွာဆိုရင် ဧက ၇၆၀ လျှော်ကြေးတစ်ပြားမှ မရဘူး”ဟုပြောသည်။
ကြေညာချက်တွင် ၂၀၁၆ ခုနှစ်၊ မေလ ၅ ရက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်သော အမိန့်ကြော်ငြာစာ အမှတ်၊ ၁၄/၂၀၁၆ တွင် ဖော်ပြထားသည့်
“ယခုအစိုးရသည် လယ်ယာမြေအငြင်းပွားမှု ပြဿနာများကို အထူးဦးစားပေးပြီး အမြန်ဆုံး ဖြေရှင်းရန် ကြိုးစားဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် လယ်ယာ မြေသိမ်းဆည်းခြင်း ကိစ္စရပ်များကို ဥပဒေနှင့်အညီဖြေရှင်းဆောင်ရွက်ပြီးသည်အထိ ရပ်ဆိုင်းထားရန် ဖြစ်ပါသည်” ဆိုသည့်အပေါ် သီလဝါဒေသခံများက ကြိုဆိုသည်ဟုလည်း ကြေညာချက်တွင် ပါဝင်သည်။