ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းရဲများ လူချစ်လူခင် ပိုမိုပေါများလာဟု ဆို

ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းရဲများ လူချစ်လူခင် ပိုမိုပေါများလာဟု ဆို

မေ ၁၇။           ။ ယူကရိန်းနိုင်ငံတွင် ပြီးခဲ့သည့် နှစ်များအတွင်းက ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ယခုအခါ အသစ်ဖွဲ့စည်းလိုက်သော ရဲဝန်ထမ်းများမှာ လူချစ်လူခင် ပေါသည့် နိုင်ငံ့ဝန်ထမ်းများ အဖြစ် ပြောင်းလဲလာခဲ့ပြီဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းနိုင်ငံတွင် ယမန်နှစ်က စတင်ဖွဲ့စည်းလိုက်သော ယူကရိန်း ကင်းလှည့်ရဲတပ်ဖွဲ့သစ် ဖွဲ့စည်းပြီးချိန်ကတည်းက ၎င်းရဲဝန်ထမ်းများနှင့် ဓါတ်ပုံတွဲရိုက်ချင်သူ များပြားလာနေခဲ့ပြီး အင်တာနက်ပေါ်တွင်လည်း ရဲများနှင့် တွဲရိုက်ထားသည့် ပုံများကို တင်ထားသူဦးရေမှာ သိသိသာသာ များပြားလာခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ နိုင်ငံတွင် ယခုနောက်ပိုင်း ရဲများ ဂုဏ်သတင်းကျော်စောလာရခြင်း၏ နောက်ကွက်က အကြောင်းရင်းများမှာ ၎င်းတို့ဝတ်ဆင်သည့် သစ်လွင်သော ယူနီဖောင်းများ၊ ခန္ဒာကိုယ်တပ် ကင်မရာများ နှင့် တက်ဘလက်များကြောင့် မဟုတ်ဘဲ အသစ်ဖွဲ့စည်းလိုက်သော ရဲများက ပြည်သူများထံမှ လာဘ်လာဘ၊ တန်စိုးလက်ဆောင်များ မယူတော့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ယင်းနိုင်ငံတွင် ၂၀၁၃-၁၄ ခုနှစ်ကာလက ဖြစ်ပေါ်ခဲ့သော တော်လှန်ရေးနောက်ပိုင်း ကာလကတည်းက ယခုကဲ့သို့ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံသမိုင်းတစ်လျှောက်တွင်လည်း ပထမဆုံးအကြိမ် ဖြစ်ဖွယ်ရာရှိသည့် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲမှုများက နိုင်ငံတွင် အမှန်တကယ် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ကြောင်းကို နိုင်ငံတကာသို့ ပြသနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

၂၀၁၄ တော်လှန်ရေးကာလမတိုင်ခင်က နိုင်ငံ၏ ရဲတပ်ဖွဲအပေါ် စုံစမ်းစစ်ဆေးနိုင်ခွင့်အာဏာကို အစိုးရရှေ့နေများထံသို့ ပေးအပ်ထားသော်လည်း ယခုပြုပြင်ပြောင်းလဲမှုများနောက်ပိုင်း ယူကရိန်းအမျိုးသား ရဲတပ်ဖွဲ့မှာ တန်းတူ ညီမျှသည့် ဥပဒေအာဏာတစ်ခုနှင့် သီးခြား လွတ်လပ်သော အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲလာခဲ့ပြီဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly