စီးပွားရေးအကျပ်ဆိုက်နေချိန်တွင် စက်ရုံများကို ပုံမှန်လည်ပတ်ထားရန် နှင့် ပိတ်သိမ်းထားပါက သိမ်းဆည်းမည်ဟု ဗင်နီဇွဲလားသမ္မတ ခြိမ်းခြောက်ပြောကြား

စီးပွားရေးအကျပ်ဆိုက်နေချိန်တွင် စက်ရုံများကို ပုံမှန်လည်ပတ်ထားရန် နှင့် ပိတ်သိမ်းထားပါက သိမ်းဆည်းမည်ဟု ဗင်နီဇွဲလားသမ္မတ ခြိမ်းခြောက်ပြောကြား

မေ ၁၆ ။              ။ နိုင်ငံရေး၊ စီးပွားရေးအကျပ်အတည်းများအောက်ကျရောက်နေသည့် ဗင်နီဇွဲလားနိုင်ငံတွင် ကုန်ထုတ်စက်ရုံများကို ပုံမှန်အတိုင်းဆက်လက် လည်ပတ်ရန် နှင့် ထုတ်လုပ်မှု ရပ်ဆိုင်းထားသည့် စက်ရုံများကို ချိတ်ပိတ်သိမ်းဆည်းကာ ပိုင်ရှင်များကို ဖမ်းဆီးထောင်ချပစ်မည်ဟု သမ္မတ နီကိုလပ်စ် မာဒူရိုက ခြိမ်းခြောက်ပြောကြားလိုက်သည်။

မေလ ၁၅ ရက်က မြို့တော် ကာရာကက်စ်တွင် ၎င်းအား ထောက်ခံအားပေးသူများနှင့်တွေ့ဆုံပြောကြားရာတွင် အစိုးရအနေဖြင့် လက်ရှိ စီးပွားရေးအကျပ်အတည်းမှ လွတ်မြောက်နိုင်ရန် ကုန်ထုတ်လုပ်မှု နည်းလမ်းဖြင့် ကျော်ဖြတ်ရန် ရည်ရွယ်ထားကြောင်း ပြောကြားသွားသည်။

အလားတူ မေလ ၁၄ ရက်ကလည်း ၎င်းသည် နိုင်ငံတော်အရေးပေါ် အခြေအနေတစ်ရပ်ကိုလည်း ထုတ်ပြန်ကြေညာထားခဲ့သေးသည်။ မိမိတို့အစိုးရကိုဖြုတ်ချနိုင်ရန် ပြည်ပက ဝင်ရောက်စွက်ဖက်မှုများ ရှိလာနိုင်သည့်အတွက် ယခုကဲ့သို့ အရေးပေါ်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ပြောသည်။ လာမည့် သီတင်းပတ်ထဲတွင် စစ်တပ်ဖြင့် ထိန်းသိမ်းဆောင်ရွက်မှုတစ်ချို့ကိုလည်း လုပ်ဆောင်သွားရန်ရှိ သည်ဟု ပြောသည်။

တစ်ချိန်တည်းတွင် အစိုးရအပေါ် အတိုက်အခံ ဆန္ဒပြသူများကလည်း သမ္မတ မာဒူရိုကို ရာထူးမှ ဖြုတ်ချနိုင်ရန် တောင်းဆိုဆန္ဒပြပွဲများ ကာရာကက်စ်မြို့တွင်စုဝေးလုပ်ဆောင်ခဲ့ကြသည်။

ဗင်နီဇွဲလားနိုင်ငံသည် ကမ္ဘာ့ပေါ်တွင် ရေနံ အရင်းအမြစ် ကြွယ်ဝချမ်းသာသော နိုင်ငံဖြစ်သော်လည်း ပြီးခဲ့သည့် နှစ်များအတွင်းက ကမ္ဘာ့ရေနံဈေးနှုန်းများထိုးကျခဲ့ပြီးနောက်ပိုင်း ယင်းနိုင်ငံ၏ စီးပွားရေးပိုင်းဆိုးဆိုးရွားရွား ကျဆင်းခဲ့ရသည့်အပြင် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများပင် ပြတ်လပ်နေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly